ကျန်းမာသွယ်လျတဲ့ခန္ဓာကိုယ်ကိုရဖို့အတွက် Diet လုပ်တတ်ကြတဲ့သူတွေဟာ ဝိတ်ကျသွားတဲ့အခါမှာ ကိုယ်တိုင်သတိမထားမိတဲ့ ပြောင်းလဲမှုတွေဖြစ်လာတတ်ပါတယ်။ Diet ကြောင့်ဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်တွင်း သက်ရောက်မှုတွေကိုသိထားမှ ကိုယ့်ခံနိုင်ရည်နဲ့ ရေရှည်အဆင်ပြေမယ့် Diet Plan တစ်ခုကိုရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝိတ်ချနေတဲ့သူတွေရဲ့ခန္ဓာကိုယ်အပေါ် သက်ရောက်နိုင်တဲ့ ပြောင်းလဲမှုအချို့ ကိုမျှဝေပေးလိုက်ပါတယ်။

၁။ Cortisol ဟော်မုန်းမြင့်တက်လာမယ်။

ဝိတ်ကျခြင်းကြောင့် တစ်ခါတစ်ရံမှာ Cortisol လို့ခေါ်တဲ့ Stress ဟော်မုန်းတစ်မျိုးမြင့်တက်လာနိုင်ပါတယ်။ အဲ့ဒီ့ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိခိုက်နိုင်တဲ့အတွက် Cortisol Level မြင့်တက်မှုမရှိအောင် ပရိုတင်းနဲ့ အစိမ်းရောင်များတဲ့အစားအသောက်တွေစားသောက်ခြင်း၊ လမ်းလျှောက်ခြင်းနဲ့ Yoga ကျင့်ခြင်းတို့ကိုပုံမှန်လုပ်ပေးသင့်ပါတယ်။

၂။ ခန္ဓာကိုယ်မှာအဆီတွေစုလာတတ်တယ်။

Diet ကြောင့် ခန္ဓာကိုယ်တွင်းကယ်လိုရီရရှိမှုနည်းခြင်းက ကိုယ်တွင်းအဆီသိုလှောင်မှုကိုပိုမြန်လာစေပါတယ်။ မလိုအပ်တဲ့အဆီတွေမဖြစ်အောင် တစ်နေ့ကို ၁၅၀၀ကယ်လိုရီထက်မနည်း လုံလုံလောက်လောက် စားသောက်ပြီး လေ့ကျင့်ခန်းကိုလည်းအတန်အသင့်ပုံမှန်လုပ်ပေးသင့်ပါတယ်။

၃။ အိပ်ချိန်ပိုပြီးလိုအပ်လာမယ်။

ဝိတ်ချခြင်းက သင့်ခန္ဓာကိုယ်ကိုလွယ်လွယ်နဲ့အားအင်ကုန်ခမ်းစေပါတယ်။ ဒါကြောင့်လိုအပ်လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်အနားပေးပါ။ တစ်နေ့လုံးနားတာမဟုတ်ဘဲ နေ့လည်ခင်းမိနစ်နှစ်ဆယ်လောက် တစ်ရေးတစ်မော အိပ်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ညဘက်မှာတရားထိုင်ပေးပြီး တစ်နေ့ကို ၈ နာရီပြည့်အောင်အိပ်နိုင်ရင် တော့အကောင်းဆုံးပါပဲ။

၄။ စိတ်အပြောင်းအလဲမြန်လာမယ်။

ဝိတ်ချတာကြောင့်စိတ်အတက်အကျမြန်တာတွေလဲဖြစ်လာတတ်ပါတယ်။ ဗိုက်ဆာနေတဲ့အချိန်မှာ စိတ်ရှုပ်ထွေးခြင်းနဲ့ စိတ်မရှည်တာတွေပိုဖြစ်တတ်တဲ့အတွက် ဒါတွေမဖြစ်အောင် လုံလောက်မျှတတဲ့ စားသောက်မှုပုံစံနဲ့အတူ တဖြည်းဖြည်းချင်းလျော့ချသွားဖို့လိုပါတယ်။

၅။ ညဘက်အိပ်မပျော်ဖြစ်လာမယ်။

ညဘက်ဗိုက်ဆာလို့အိပ်မရတာမျိုးကိုတော်တော်များများကြုံဖူးကြမှာပါ။ ဒါဟာ တစ်နေ့တာအတွင်း ကယ်လိုရီရရှိမှုမလုံလောက်ခြင်းကြောင့်ဖြစ်ပါတယ်။ ညဘက်မှာ အဆီပါဝင်မှုနည်းတဲ့ နွားနို့၊ ပဲနို့နဲ့ ဒိန်ချဉ်အစရှိတဲ့ ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေကိုစားသုံးခြင်းက စိတ်တည်ငြိမ်စေပြီး အိပ်ချင်စိတ်ဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

၆။ ခန္ဓာကိုယ်ကြွက်သားတွေဆုံးရှုံးနိုင်တယ်။

ခန္ဓာကိုယ်ရဲ့ကြွက်သားတွေက အစာခြေဖျက်မှုစနစ်ကောင်းမွန်ဖို့နဲ့ အရိုးကျန်းမာရေးတွေအတွက် အရေးပါပါတယ်။ ဝိတ်ချတဲ့အခါမှာ ကိုယ်တွင်းအဆီကျခြင်းထက် ကြွက်သားဆုံးရှုံးမှုကပိုများနေတတ်ပါတယ်။ ဒါကြောင့် ကြွက်သားဆုံးရှုံးမှုမဖြစ်အောင် Diet အပြင် ကြွက်သားဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းအချို့ကိုလည်း ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar