မနက်ခင်းတိုင်းမှာ ကြည်လင်စိုပြေတဲ့ မျက်နှာအသားအရေနဲ့အတူနိုးထနိုင်ဖို့က အလှအပကြိုက်တဲ့ ပျိုမေတို့အားလုံးရဲ့ အိပ်မက်ပါပဲ။ မျက်နှာအသားအရေ သဘာဝအတိုင်း Glow နေဖို့အတွက် စိတ်ရှည်ရှည်နဲ့ ပုံမှန်ထိန်းသိမ်းပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ စိုပြေတောက်ပတဲ့ အသားအရေကိုပိုင်ဆိုင်ဖို့အတွက် ညမအိပ်ခင်မှာ ပုံမှန်ပြုလုပ်ပေးသင့်တဲ့ အိမ်တွင်းထိန်းသိမ်းနည်းတစ်ချို့ကိုမျှဝေပေးချင်ပါတယ်။
၁။ ညတိုင်းမိတ်ကပ်ဖျက်ပြီးမှအိပ်ရာဝင်ပါ။
မိတ်ကပ်မဖျက်ပဲအိပ်တာက ဝက်ခြံနဲ့အဆီဖုတွေ အများအပြားထွက်နိုင်တာကြောင့် ကြည်လင်တဲ့အသားအရေရဖို့ ဝေးသွားနိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင်မှာ မျက်နှာကိုပုံမှန်သန့်စင်ပေးပါ။ အညစ်အကြေး၊ ဖုန်နဲ့ မိတ်ကပ်အကြွင်းအကျန်တွေအားလုံးကိုဖယ်ရှားပေးနိုင်မယ့် မှန်ကန်တဲ့ Cleanser ကိုလည်း ရွေးချယ်အသုံးပြုဖို့ လိုပါတယ်။
၂။ ညတိုင်း Moisturizer လိမ်းပေးပါ။
ညဘက် Moisturizer မလိမ်းတာက သင့်အသားအရေကို မွဲခြောက်ပြီး ရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝပြီး Glow တဲ့အသားအရေကိုရနိုင်ဖို့ ညတိုင်း ကိုယ့် Skin နဲ့သင့်တော်တဲ့ Moisturizerတစ်မျိုးကို အသုံးပြုပေးပါ။ အရေးအကြောင်းတွေကိုဖယ်ရှားပေးနိုင်တဲ့ Moisturizer မျိုးကိုအသုံးပြုတာကလည်း သင့်အသားအရေကို ပိုမိုနုပျိုစိုပြေစေမှာပါ။
၃။ မျက်နှာကို Exfoliate ပုံမှန်လုပ်ပေးပါ။
မျက်နှာအသားအရေပေါ်က ဆဲလ်သေတွေကိုပုံမှန်ဖယ်ရှားပေးတာက အညစ်အကြေးတွေကိုသန့်စင်ပေးပြီး ချွေးပေါက်ပိတ်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Exfoliating ကို နေ့တိုင်းလုပ်စရာမလိုဘဲ တစ်ပတ်နှစ်ခါလောက်ပုံမှန်လုပ်ပေးပါ။ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တဲ့ Exfoliating Cleanser ဒါမှမဟုတ် မိတ်ကပ်ပစ္စည်းတွေကိုလည်းအသုံးပြုနိုင်ပါတယ်။
၄။ Low-Fat Milk နဲ့ မျက်နှာကိုနှိပ်နယ်ပေးပါ။
သင့်မျက်နှာပေါ်ကို အဆီပါဝင်မှုနည်းတဲ့ နို့အနည်းငယ်နဲ့ ညင်ညင်သာသာ နှိပ်နယ်ပေးခြင်းကလည်း ကြည်လင်တဲ့အသားအရေရရှိဖို့ ကူညီပေးနိုင်ပါတယ်။ လိမ်းပြီးတဲ့နောက် တစ်ညထားပြီး နောက်နေ့မနက်မှာ ပြန်လည်သန့်စင်ပေးပါ။ အသားအရေအတွင်းအထိ စိမ့်ဝင်နိုင်ဖို့အတွက် နို့ရဲ့အပေါ်ယံအလွှာ အနည်းငယ်ကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။
၅။ နေ့ခင်းဘက်နဲ့ညဘက်တွေမှာ ရေပိုသောက်ပေးပါ။
အသားအရေ နူးညံ့စိုပြေနေဖို့အတွက် ရေဓာတ်များများလိုအပ်ပါတယ်။ နေ့ဘက်မှာ ရေများများသောက်ခြင်းက သင်လိုချင်တဲ့ တောက်ပတဲ့အသားအရေကို အချိန်တိုအတွင်းရရှိနိုင်မှာပါ။ မနက်ခင်းတိုင်း သင့်အသားအရေ ရေဓာတ်ပြည့်ဝနေစေဖို့ ညမအိပ်ခင်မှာ ရေတစ်ခွက်ပုံမှန်သောက်ပေးသင့်ပါတယ်။
၆။ Facial Oil နဲ့ Serum တွေကိုအသုံးပြုပေးပါ။
Facial Oil နဲ့ Serum တွေမှာ အသားအရေချောမွတ်ပြီး တင်းတင်းရင်းရင်းဖြစ်စေတဲ့ ရေဓာတ်နဲ့ သဘာဝအဆီဓာတ်တွေပါဝင်ပါတယ်။ ကိုယ့် Skin နဲ့သင့်တော်တဲ့ Facial Oil ဒါမှမဟုတ် Serum တစ်မျိုးကို ညမအိပ်ခင် မျက်နှာပေါ်စိမ့်ဝင်အောင် ခပ်ဖွဖွပုတ်လိမ်းပေးပြီး နောက်နေ့မနက်မှာပြန်လည်သန့်စင်ပေးပါ။
Photo Source: Pinterest
By MyStyle Myanmar