ဘေဘီပေါင်ဒါဆိုတာ ကလေးလေးတွေအတွက် ဒါမှမဟုတ် ချွေးထွက်နေတဲ့ ခြေထောက်တွေအတွက်ပဲ အသုံးဝင်တယ်လို့ တွေးထင်တဲ့လူတွေထဲမှာ သင်လည်းပါဝင်နေပါသလား။ ဒါဆိုရင်တော့ သင်အများကြီး နောက်ကျကျန်နေခဲ့ပါပြီ။
ကလေးတွေသုံးတဲ့ ဘေဘီပေါင်ဒါဆိုပြီး နာမည်တပ်ထားပေမယ့်လည်း သေချာအသုံးချတတ်ရင် ဘယ်အရာမဆို အသုံးဝင်တတ်တာပဲမို့ ဒီတစ်ခါမှာလည်း ဘေဘီပေါင်ဒါကို ကျွန်မတို့ရဲ့ နေ့စဥ်ဘဝ ဘယ်လိုအချိန်တွေမှာ ထည့်သွင်းအသုံးချလို့ရမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မျက်တောင်တွေကို ပိုထူတဲ့အသွင်ဖြစ်စေဖို့
Mascara ကို ပထမအလွှာကော့ပြီးနောက် နားကြပ်တံလေးကိုအသုံးပြုပြီး ပေါင်ဒါနည်းနည်းကို မျက်တောင်မှာသုတ်ပေးပါ။ ပြီးရင် နောက်တစ်ခေါက် Mascara ထပ်ကော့ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မျက်တောင်ကို ပိုထူထဲပြီး ပိုရှည်သယောင်ဖြစ်စေပါတယ်။
ရှုပ်ထွေးနေတဲ့ ဆွဲကြိုးတွေကို အလွယ်တကူပြန်ဖြည်ဖို့
ပေါင်ဒါနည်းနည်းကို ဆွဲကြိုးထုံးနေတဲ့အပေါ်မှာ ဖြူးပေးလိုက်ပါ။ ပြီးရင် လက်ချောင်းလေးတွေနဲ့ လက်မကိုအသုံးပြုပြီး အထုံးကို အသာအယာပွတ်ပေးရင်း ဖြည်လိုက်ပါ။
Dry Shampoo အဖြစ်သုံးနိုင်တယ်
ဆံပင်မှာအဆီတွေပြန်လာပြီး ရေချိုးခေါင်းလျှော်ဖို့လည်း အချိန်မရသေးဘူးဆိုရင် ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ ဘေဘီပေါင်ဒါနည်းနည်းကို ခေါင်းပေါ်ဖြူးလိုက်ပြီး ဆံပင်အရင်းနဲ့ဦးရေပြားကို ညှင်သာစွာနှိပ်ပေးပါ။ ထို့နောက် ဘေဘီပေါင်ဒါလုံးဝပျောက်သွားတဲ့အထိ ဘီးနဲ့ဖြီးပေးပါ။ ဒီနည်းလမ်းကိုသိထားခြင်းဖြင့် ခေါင်းနေ့တိုင်းလျှော်စရာလည်းမလိုတော့သလို ဆံပင်ကိုလည်း ပိုကျန်းမာစေပါတယ်။
အကျီပေါ်က ဆီကွက်တွေကို ဖယ်ရှားမယ်
ချွတ်ရခက်တဲ့ အစွန်းအထင်းတွေကိုဖယ်ရှားဖို့အတွက် အကျီအတွင်းနဲ့အပြင်နှစ်ဖက်လုံးကို ပေါင်ဒါနည်းနည်းဖြူးလိုက်ပါ။ ဆီကွက်ပေါ်ကို နည်းနည်းချင်းလိုက်ပုတ်ပေးပြီး အဆီစုပ်သွားအောင်လို့ တစ်နာရီထားပါ။ အချိန်ပြည့်ပါက ရေလျှော်ပြီး နေရိပ်ထဲမှာ အခြောက်လှန်းပါ။
သားရေထည်တွေကို ပြန်လည်သစ်လွင်စေတယ်
သားရေအထည်တွေကို ပြန်လည်သစ်လွင်လာစေဖို့အတွက် လုပ်ရမယ့်နည်းလမ်းကလွယ်လွယ်လေးပါ။ သားရေပေါ်ကို ပေါင်ဒါနည်းနည်းဖြူးလိုက်ပြီး နူးညံ့တဲ့ မိုက်ခရိုဖိုက်ဘာအဝတ်နဲ့ ပွတ်လိုက်ရုံပါပဲ။
Waxing အတွက်
Waxing အတွက် အနှစ်မလိမ်းခင်မှာ အရင်ဆုံး ဘေဘီပေါင်ဒါနည်းနည်းလိမ်းပေးခြင်းက အသားအရေမှာ တအားကြီးကပ်မနေစေလို့ ဆွဲခွာတဲ့အချိန်မှာ နာတာသက်သာစေပြီး အသားအရေကိုလည်း ချောမွေ့စေမှာဖြစ်ပါတယ်။
Credit: Bright Side