ကိုယ်ကအခြားသူတွေနဲ့ယှဉ်ရင် အနည်းငယ်ဝနေတာဖြစ်ဖြစ်၊ မသွားတာကြာလို့ ပြန်သွားဖို့စီစဉ်နေတာဖြစ်ဖြစ် အားလုံးအနေနဲ့ကတော့ Gym သွားမယ်ဆိုရင် အတွေးပေါင်းစုံ ခေါင်းထဲရောက်လာကြတာပါပဲ။
ငါနဲ့အဆင်ပြေပါ့မလား၊ ငါလုပ်နိုင်ပါ့မလား စတဲ့မေးခွန်းအစုံအလင်ကို မဖြေခင်မှာ အခုဖော်ပြပေးသွားမယ့် အချက်လေးတွေကို အရင်ဆုံး ဖတ်ကြည့်လိုက်ပါ။
ဘယ်သူမှသင့်ကို မဝေဖန်ပါဘူး
ငါရောက်သွားတဲ့အခါ ငါ့ကိုဝိုင်းကြည့်မလားမသိဘူး၊ ငါဆော့တာက သူများတွေအမြင်မှာ တမျိုးကြီးဖြစ်မလားမသိဘူးဆိုတဲ့ အတွေးတွေက Gym ကိုသွားမယ့် ပထမဆုံးရက်မှာကတည်းက ခေါင်းထဲမှာ စုပြုံနေပါပြီ။ ဒါပေမယ့်မပူပါနဲ့။ ဒီလိုကိစ္စမျိုးတွေ ဘယ်တော့မှမဖြစ်ပါဘူး။ Gym မှာဆော့နေတဲ့ လူတိုင်းက သူတို့ဘာသာသူတို့ အလုပ်ရှုပ်နေကြမှာဖြစ်ပြီး ကိုယ့်ကိုတောင် အာရုံစိုက်မိမှာမဟုတ်ပါဘူး။
Gym နဲ့ လိုက်လျောညီထွေမှုရှိအောင်နေပါ
လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်လှစေဖို့၊ ကျန်းမာစေဖို့အတွက်လုပ်တာဖြစ်ပေမယ့် ကိုယ်နဲ့အတူတူ တစ်နေရာတည်းမှာ အားကစားလုပ်နေသူတွေကိုလည်း လေးစားသမှုရှိရပါမယ်။ Gym က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိအောင်လုပ်ပြီး လိုက်နာခြင်းဖြင့် ကိုယ့်ရဲ့အသွင်အပြင်ကို ကောင်းအောင်ပြုလုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်မလှလို့ဆိုပြီး ဘယ်သူမှမကဲ့ရဲ့ပေမယ့် စာရိတ္တမကောင်းရင်တော့ လူအများရဲ့ မျက်စိစပါးမွှေးစူးရာဖြစ်နိုင်ပါတယ်။
ကိုယ်ဝါသနာပါတာကို ရွေးပြီးပြုလုပ်ပါ
အခုမှစပြီး Gym ကစားတဲ့အချိန်မှာ ကိုယ်မနိုင်တဲ့လေ့ကျင့်ခန်းတွေကစပြီးမလုပ်ဘဲ ပေါ့ပေါ့ပါးပါးလေးတွေကို အရင်ရွေးလုပ်ပါ။ ကိုယ်မနိုင်တာကို လုပ်မိမယ်ဆိုရင် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ပြီး လိုချင်တဲ့ ပန်းတိုင်ကိုလည်း အရောက်လှမ်းနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်ဝါသနာပါရာကို မလုပ်ဘူးဆိုရင်တော့ မကာခင်မှာ စိတ်မပါတော့ဘဲ Gym သွားချင်စိတ်ပါ ပျောက်သွားမှာပါ။
စိတ်ရှည်သည်းခံပါ
ဘယ်အရာမှ လွယ်လွယ်မရဘူးဆိုတာကို လူတိုင်းသိမှာပါ။ တစ်ရက်နှစ်ရက် လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဘယ်လိုရလဒ်ကောင်းမျိုးမှ ရမှာမဟုတ်ပါဘူး။ သေသေချာချာ အားစိုက်ပြီး မှန်မှန်လုပ်သွားမယ်ဆိုရင်တော့ စိတ်ကျေနပ်စရာ ရလဒ်ကောင်းများကို ပိုင်ဆိုင်နိုင်မှာပါ။