တကယ်တော့ တစ်ကိုယ်ရည် သန့်ရှင်းမှုဟာ အခြေခံကျန်းမာရေး ဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို လှအောင် သသူတွေ ရှိပေမယ့် ကိုယ့်ကိုယ်ကို အသေးအမွှားကအစ သန့်ရှင်းမှု လုပ်ဖို့ မေ့နေတတ်ပါတယ်။ Personal Hygiene ကောင်းဖို့ ဂရုမစိုက်မိရင် နောက်ဆက်တွဲ ကျန်းမာရေးနဲ့ ရုပ်ပိုင်းအသွင်အပြင်တွေအတွက် စိတ်ပူရပါလိမ့်မယ်။ သင့်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလာပြီဆိုရင် ဒီလိုအချက်ပြမှုတွေ ကြုံရပါလိမ့်မယ်။
(၁) မကြာခဏဖျားနာခြင်း
Photo: Freepik
တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းသူဟာ တစ်ခြားသူတွေထက် အအေးမိလွယ် ဖျားနာလွယ်ပါတယ်။ အခုလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ လက်တွေကို မှန်မှန်ကန်ကန် မဆေးကြောလို့ ၊ လက်သည်းတွေ ပုံမှန်မညှပ်ပေးလို့ ဖြစ်ပါတယ်။ မကြာခဏ ဖျားနာတတ်ရင် ကိုယ်လက်သန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး ပုံမှန်ကျန်းမာရေးနဲ့ညီအောင် နေထိုင်ပေးဖို့ လိုပါတယ်။
(၂) မျက်စိမှာ ကူးစက်မှု ဖြစ်ခြင်း
Photo: Freepik
မျက်လုံးဟာ အလွန်ထိခိုက်လွယ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ မျက်နှာမသစ်တာ လက်တွေ သန့်ရှင်းရေး မလုပ်ဘဲ မျက်လုံးတွေ ပွတ်မိတာဟာ မျက်လုံးဒဏ်ဖြစ်နိုင်သလို ကူးစက်လွယ်တဲ့ မျက်စိဝေဒနာတွေလည်း ဖြစ်ပွားနိုင်ပါတယ်။
(၃) အနံ့ဆိုးထွက်ခြင်း
Photo: Freepik
သွားကို တစ်နေ့ နှစ်ကြိမ် မတိုက်ရင် ခံတွင်းအနံ့ဆိုးလာပါမယ်။ မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့ စနစ်တကျ သန့်ရှင်းမှု မလုပ်ရင် ဝက်ခြံနဲ့ အရေပြား ပြဿနာတွေ ဖြစ်လာပါမယ်။ ကိုယ်လက်သန့်ရှင်းရေး ပုံမှန်မလုပ်သူရဲ့ ချွေးနံ့ဟာ အနားကလူတွေ မခံသာအောင် ဆိုးဝါးပါတယ်။ သင့်ကိုယ်နံ့ ပြောင်းလာပြီဆိုရင် သင့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု ပြဿနာရှိနေပြီလို့ သိလိုက်ပါ။
(၄) ဝက်ခြံမကြာခဏထွက်ခြင်း
Photo: Freepik
ဝက်ခြံခဏခဏ ထွက်တာ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဒီထဲက တစ်ခုက သင့်ဟာ ညစ်ပတ်တဲ့ လက်နဲ့ မျက်နှာကို ခဏခဏ ကိုင်မိလို့လည်း ဖြစ်နိုင်ပါတယ်။ မျက်နှာကို တစ်နေ့ နှစ်ကြိမ် သေချာသစ်ပေးမယ်။ လက်ကိုလည်း ဆပ်ပြာနဲ့ သေချာဆေးပေးမယ်ဆိုရင် ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ သတ်နိုင်လို့ ဝက်ခြံ အဖြစ်နည်းလာနိုင်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းတဲ့သူမှန်း သိသာနိုင်တဲ့ အချက်တစ်ခုက ဝတ်နေကျ ရှပ်အဖြူတွေမှာ ချေးညှော်နဲ့ အစွန်းထင်လာတာပါပဲ။ ခန္ဓာကိုယ်က အဆီတွေဟာ သန့်ရှင်းမှု အားနည်းတာကြောင့် ချွေးနဲ့ ရောပြီး အဝတ်အစားကိုပါ စွန်းထင်းသွားစေနိုင်ပါတယ်။