ဆံသားခြောက်သွေ့ရင် ဆံပင်ငြိတာ၊ ဖွာတာ၊ ခေါင်းဖြီးလိုက်ရင် ငြိပြီးကျွတ်တာတွေ အရမ်းဖြစ်ပါတယ်။ ကြာလာရင် ဆံပင်အောက်ဖျားတွေ နှစ်ခွပြီးပြီးဖွတာတွေပါ ဖြစ်လာပါလိမ့်မယ်။ ဆံသားက အဆီဓာတ်မရှိပဲ မွဲခြောက်ခြောက်ကြီးဖြစ်နေရင် လုံးဝမလှပါဘူး။ ဒါကြောင့် ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ပျားရည်၊ နွားနို့နဲ့ ဆံပင်ပေါင်းတင်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပျားရည်နဲ့နွားနို့က ဆံသားကို moisture ကောင်းကောင်းပေးနိုင်ပြီး ဆံပင်လည်းသန်စေတဲ့အတွက် ဆံသားခြောက်သွေ့တာအတွက်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ပျားရည်ကိုသုံးပေးခြင်းက ဆံကေသာတောက်ပစေပါတယ်။

လုပ်ရမယ့်ပုံစံကတော့ နွားနို့ကို ပန်းကန်လုံး ဆိုဒ်အသေးဆုံး ၁ လုံးစာထည့်ပါ။ ပြီးရင် ပျားရည် – စားပွဲတင်ဇွန်း ၃ ဇွန်း(သို့) ၄ ဇွန်းထည့်ပြီး သမအောင်မွှေပါ။ ကိုယ့်ဆံပင်အနေအထားအတိုင်း ချိန်ပြီးလုပ်ပါ။ အဓိကကတော့ အရည်ကျဲမဟုတ်ပဲ ပျစ်ပျစ်လေးဖြစ်နေရပါမယ်။ သေချာမွှေပြီးရင်တော့ ဆံသားမှာ နှ့ံနေအောင် သေချာသုတ်လိမ်းပြီး ၁ နာရီထားရပါမယ်။

အချိန်ပြည့်ရင်တော့ နူးညံ့တဲ့ Shampoo နဲ့လျှော်ပြီး Conditioner ထပ်သုံးပေးပါ။

ဆံပင်ကို တစ်ပတ်တစ်ကြိမ် ဒီလိုပုံမှန် ပေါင်းတင်ပေးသွားမယ်ဆိုရင်တော့ ဆံသားခြောက်သွေ့တာက သိသိသာသာကို သက်သာသွားပါလိမ့်မယ်။