အမျိုးအစားကောင်းတဲ့ ရေမွှေးသုံးနေပါရက်နဲ့ အနံက သိပ်ကြာကြာမစွဲဘဲ ရနံ့ပြယ်သွားတာတွေ ကြုံဖူးကြမှာပါ။ ဒါက ရေမွှေးကြောင့်တော့ မဟုတ်ပါဘူး။ ရေမွှေးကိုသုံးတဲ့ သိမ်းတဲ့ပုံစံနဲ့လည်း ဆိုင်ပါသေးတယ်။
(၁) အသားအရေ အစိုဓါတ်မရှိခြင်း
Photo: SPY
ရေချိုးပြီးမှ ရေမွှေးဆွတ်ရင် အနံ့တော်တော်နဲ့ မပြယ်တာကို တွေ့ရမှာပါ။ ဒါက အသားအရေနဲ့ ရေမွှေးနံ့ ကြာကြာစွဲကပ်မှု အကြား အပြန်အလှန်ဆက်သွယ်ချက် တစ်ခုဖြစ်ပါတယ်။ ရနံ့တွေဟာ ခြောက်သွေ့တဲ့ အသားအရေတွေမှာ စွဲနေဖို့ ခက်ပါတယ်။ ဒါကြောင့်ပဲ ရေမွှေးကြာကြာ အနံ့စွဲနေဖို့ဆို ခန္ဓာကိုယ်မှာ အစိုဓါတ်ရှိအောင် အရင်လုပ်ပြီးမှ ရေမွှေးဖြန်းသင့်ပါတယ်။
(၂) ရေချိုးခန်းထဲ ထားထားခြင်း
Photo: iStock
ရေချိုးခန်းရဲ့ အပူချိန်ဟာ ခဏတိုင်း ပြောင်းလဲနေတာကြောင့် ရေမွှေးနံ့ ကြာကြာစွဲမှုကို ထိခိုက်နိုင်ပါတယ်။ ရေမွှေးပုလင်းကို သိမ်းထားသင့်တဲ့ နေရာဟာ အံဆွဲ ၊ ဗီရိုတို့လိုမျိုး အေးမြပြီး မှောင်တဲ့နေရာမျိုး ဖြစ်သင့်ပြီး အဲကွန်းနဲ့ အပူထုတ် ပစ္စည်းတွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။
(၃) ရေမွှေးဆွတ်တဲ့ နေရာမှားခြင်း
Photo: no-negociables
အပူဟာ ရေမွှေးနံ့ကို ပိုသင်းပျံ့လာစေပါတယ်။ ဒါကြောင့် ရေမွှေးဆွတ်မယ်ဆိုရင် ကိုယ်ခန္ဓာက အပူထုတ်မှု အများဆုံးဖြစ်တဲ့ လက်ကောက်ဝတ်၊ လည်ပင်း နဲ့ ဒူးနောက်ပိုင်းတို့လိုမျိုး သွေးခုန်မှုများတဲ့ နေရာတွေမှာ ဆွတ်ပေးသင့်ပါတယ်။
(၄) ရေမွှေးသုံးမှု မှားခြင်း
Photo: FragranceX.com
အေးမြတဲ့ ဆောင်းရာသီမျိုးမှာ ဆွဲဆောင်မှုရှိတဲ့ အနံ့ခပ်အီအီ ရေမွှေးမျိုး သုံးသင့်ပြီး နွေရာသီမှာ သံပုရာနံလို သင်းတဲ့ ရေမွှေးမျိုးပဲ သုံးသင့်ပါတယ်။ ဒီတော့ အကောင်းဆုံးက နွေရာသီအတွက် ရေမွှေးတစ်မျိုးနဲ့ ဆောင်းရာသီအတွက် ရေမွှေးတစ်မျိုးဆိုပြီး ရာသီအလိုက် ပြောင်းလဲ အသုံးပြုမယ်ဆိုရင် ရေမွှေးနံ့ဟာ ကြာကြာ စွဲပြီး ခံနေမှာ ဖြစ်ပါတယ်။