ဆောင်းရာသီကိုတော့ လူအတော်များများ နှစ်သက်သဘောကျကြမှာပါ။ ရာသီဥတုက အေးစိမ့်စိမ့်ရှိနေပြီး နေလို့ထိုင်လို့လည်း ကောင်းလာလို့ပါ။ ဆောင်းတွင်းမှာ ပွဲလမ်းသဘင်တွေလည်း ရှိကြတာဖြစ်လို့ အဝတ်အစားလည်း သားသားနားနားဖြစ်အောင် ဝတ်ရပါတယ်။

Photo : Urban Men Outfits

မြန်မာနိုင်ငံကဆောင်းကတော့ သိပ်အေးလှတဲ့အထဲမှာ မပါပါဘူး။ ဒီတော့ ဆောင်းတွင်းဖက်ရှင် ဝတ်တော့မယ်ဆိုရင် အနွေးထည်အထူကြီးတွေ ဝတ်စရာမလိုပါဘူး။ တော်ရုံအနွေးဓါတ်ပေးပြီး ဝတ်ရတာလည်း သက်တောင့်သက်သာရှိမယ့် ဂျက်ကတ်အပါးလောက်နဲ့လည်း ဖြစ်တာပါပဲ။

ထပ်အင်္ကျီလို့ခေါ်တဲ့ Layering ဝတ်တော့မယ်ဆိုရင် သုံးမျိုးစဉ်းစားလို့ရပါတယ်။ အခြေခံ Base Layers ၊ အလယ်အလတ် Middle Layers နဲ့ အကြီးစား Top Layers တို့ ဖြစ်ပါတယ်။ Base Layers အနေနဲ့ Undershirts ၊ T-Shirts နဲ့ ရှပ်တို့ ပါရှိပါတယ်။ အောက်ခံအဝတ်အစားတွေပါ။ သိပ်မအေးလှတဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ Middle Layer လို့ ခေါ်တဲ့ တီရှပ်ကို အောက်ခံထားပြီး အပေါ်က ဆွယ်တာ ၊ Vest နဲ့ Jackets တွေ ဝတ်ရင် အဆင်ပြေပါတယ်။

နောက်တစ်ခုက ဆောင်းတွင်းနဲ့လိုက်ဖက်တဲ့ ချည်သားရွေးချယ်ဖို့ပါ။ ဆောင်းတွင်းမှာ Base နဲ့ Middle Layers အတွက် Cotton သားတွေ ရွေးသင့်ပြီး Middle/Top Layers တွေအတွက် Denim နဲ့ Leather သားတွေ ရွေးချယ်သင့်ပါတယ်။ အရမ်းချမ်းတဲ့ ဒေသတွေမှာတော့ သိုးမွေးထည်တွေ ဝတ်ကြပါလိမ့်မယ်။

Photo : Peaklife

အပြင်ထွက်မယ်ဆိုရင် နည်းနည်းအေးရင် လည်စည်းလေးဆောင်ထားပါ။ မဝတ်ရလို့ သိမ်းထားတာ ပြဿနာမရှိပေမယ့် အရေးအကြောင်းဆို အသုံးလည်းဝင်ပြီး ဖက်ရှင်လည်း မိလို့ပါ။ သိပ်အေးလို့ ကုတ်ဝတ်ရမယ်ဆိုရင်တော့ Overcoat တွေထက် စာရင် Pea Coat နဲ့ Trench Coat ဖက်ရှင်မျိုး ရွေးသင့်ပါတယ်။

ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကတော့ Boots တွေပါ။ Brogue Boots ၊ Leather Chukka Boots နဲ့ Chelsea Boots တို့က ဆောင်းတွင်းမှာ စီးလို့အကောင်းဆုံးနဲ့ ဦးစားပေး ရွေးချယ်သင့်တဲ့ဖိနပ်တွေပဲ ဖြစ်ပါတယ်။