သူငယ်ချင်းဆိုတာ ဘဝအတွက် အရေးအပါဆုံး လူသားတစ်ဦးလို့ပြောလို့ရပါတယ်။ ကျွန်မတို့ အများစုက ချစ်သူနဲ့ အဆင်ပြေဖို့၊ သူစိမ်းတွေနဲ့ အဆင်ပြေဖို့ နည်းလမ်းတွေကို ရှာတတ်ပေမယ့် သူငယ်ချင်းအတွက် ပိုကောင်းသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားဖို့ရာ မေ့နေတတ်ကြပါတယ်။ ဒီတော့ သင်က သင့်သူငယ်ချင်းတွေအတွက် အရင်ကထက် ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်းတစ်ဦးဖြစ်လာဖို့ လိုက်နာရမယ့်အချက်တွေကို ဖော်ပြပါရစေ-

၁။ ချီးကျူးပေးပါ

ချီးကျူးပေးပါဆိုလို့ နင်က လှတယ်၊ ချစ်စရာကောင်းတယ်ဆိုပြီး ပြောခိုင်းတာမဟုတ်ပါဘူး။ သူ့ရဲ့ အပြုအမူတွေကို ကိုယ်က အတွင်းကျကျ သိပြီး ချီးကျူးပေးတာပါ။ မိဘအတွက် သိတတ်သူ၊ အစစအရာရာ သေချာစဉ်းစားပြီးဆုံးဖြတ်တတ်သူစသဖြင့် ချီးကျူးပေးသင့်ပါတယ်။

၂။ သစ္စာရှိပါ

ရှေ့မှာတော့ ခင်လှပါချည်ရဲ့ဆိုပြီး နောက်ကွယ်အတင်းတုတ်နေတာမျိုးမလုပ်သင့်ပါဘူး။ ဒါက သူငယ်ချင်းကောင်းတွေရဲ့အပြုအမူမဟုတ်ပါဘူး။ သင့်ဘက်က သူငယ်ချင်းကောင်းဖြစ်ဖို့ သူ့မကောင်းကြောင်း သူများဆီ ဖောက်သည်ချတာမျိုး မလုပ်သင့်ပါဘူး။

၃။ ချစ်ကြောင်း ပြပါ

ငါနင့်ကိုချစ်တယ်လို့ ပြောခိုင်းတာ မဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်း ဒီလိုပြောရတာလည်း အူကြောင်ကြောင်နိုင်ပါတယ်။ ကိုယ့်ဘက်က သူ့ကို ခင်ကြောင်း ကိုယ့်အပြုအမူလေးတွေနဲ့ ပြသတာကို ဆိုလိုပါတယ်။

၄။ ယုံကြည်စိတ်ချရသူဖြစ်အောင်ကြိုးစားပါ

တချို့တွေရှိပါတယ်။ ချိန်းတဲ့အချိန်တော့လာမယ်ဆိုပြီး တကယ့်ရက်နီးတာနဲ့ အကြောင်းအမျိုးမျိုး ပေါ်လာတတ်သူတွေပါ။ ဒီလိုလူမျိုးက တစ်ခါနှစ်ခါပဲ အခွင့်အရေးရမှာပါ။ နောက်ပိုင်း သူငယ်ချင်းတွေရဲ့ ပယ်ခြင်းကို ခံရမှာပါ။ ဒီတော့ သင့်အနေနဲ့ သူငယ်ချင်းကောင်းဖြစ်ချင်တယ်ဆိုရင် သူတို့ ယုံကြည်စိတ်ချရတဲ့၊ သေချာတဲ့သူတစ်ယောက်ဖြစ်သင့်ပါတယ်။

၅။ ရိုးသားပါ ဒါပေမဲ့ ကိုယ့်စကားကို ပြန်စဉ်းစားပါ

ကိုယ့်သူငယ်ချင်းက အခင်ဆုံး၊ အရင်းနှီးဆုံးဆိုပြီး ပယ်ပယ်နယ်နယ် ရစရာမရှိအောင် နှိမ်တာမျိုး၊ ဝေဖန်တာမျိုး မလုပ်သင့်ပါဘူး။ သူ့အလုပ်၊ သူ့အပြုအမူက ကိုယ့်အတွက် အဆင်မပြေရင်တောင် တစ်ခုခုမပြောခင် သူ့ဘက်က နစ်နာသွားမလား စဉ်းစားသင့်ပါတယ်။ သူ့အပေါ် ရိုးသားရမှာ မှန်ပေမယ့် စမပြောခင် စဉ်းစားသင့်ပါတယ်။

သင့်အခင်ဆုံးသူငယ်ချင်းကို Mention ခေါ်ဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar