လူတိုင်းဟာ ကိုယ့်ကိုယ်ကို သံသယနဲ့မေးခွန်းထုတ်ကြတဲ့ အချိန်တွေရှိမှာပါ။ ဆုံးဖြတ်ချက်တခုချဖို့ သံသယတွေ နဲ့လွန်ဆွဲရတာဟာ ကိုယ့်ကိုယ် ပိုပြီးခက်ခဲအောင် လုပ်သလိုဖြစ်နေတဲ့အတွက် စိတ်ဖိစီးစေပါတယ်။ အခုပြောပြပေးမှာက ကိုယ့်ကိုယ်ကိုမယုံကြည်တဲ့ သံသယအတွေးတွေ ဖြစ်လာတဲ့အခါ ဘယ်လိုကျော်လွှားရမလဲဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

(၁) တခြားသူတွေနဲ့နှိုင်းယှဉ်တာကို ရပ်လိုက်ပါ

Photo : 123RF.com

သင့်ကိုသင် သင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူတွေနဲ့ တချိန်လုံးနှိုင်းယှဉ်နေတာကိုရပ်လိုက်ပါ။ လုပ်ဖော်ကိုင်ဖက်တဦး ဒါမှမဟုတ် သူငယ်ချင်းတယောက်ရဲ့အောင်မြင်မှုကိုပဲကြည့်ရင် သင့်ကိုယ်သင်မတော်ဘူး လို့ခံစားရပါမယ်။ တခြားတယောက်က သင့်ထက်ပိုကောင်းတာရှိရင် သင့်မှာလည်းတခြားသူတွေထက်ပိုကောင်းတဲ့ အရာတွေအမြဲရှိတယ်ဆိုတာမမေ့ပါနဲ့။

(၂) လက်တွေ့လုပ်ဆောင်ပါ တိုးတက်မှုတွေကို စောင့်ကြည့်ပါ

Photo : Envato Elements

တကယ်လို့သင်ကသံသယအတွေးတွေပဲ အမြဲတွေးနေတယ်ဆိုရင် အဲ့ဒါတွေက ပိုခိုင်မာလာပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့အတွေးတွေကို ခဏရပ်ထားပြီး လက်တွေ့လုပ်ဆောင်ပါ။ သံသယအတွေးတွေပြန်အဝင်မခံဘဲ သင့်ရဲ့ရည်မှန်းချက်ကိုရောက်တဲ့ အထိအောင် သင့်ရဲ့လုပ်ဆောင်မှုကို လုံးဝမရပ်လိုက်ပါနဲ့။

(၃) အတိတ်ကအောင်မြင်မှုတွေကို သတိရပါ

Photo : Culturizando

အောင်မြင်တဲ့စိတ်ပညာရှင်များက အတိတ်ကအောင်မြင်ခဲ့တာတွေကို အာရုံစိုက်ခြင်းက သင့်ရဲ့ယုံကြည်မှု ကိုမြှင့်တင်ပေးပြီး လက်ရှိ စိတ်ခံစားချက်ကို ကောင်းစေတယ်လို့ဆိုပါတယ်။ တစ်ခုရှိတာက အတိတ်ကိုပြန်စဉ်းစားတဲ့အခါ ကောင်းတာတွေကိုပဲတွေးဖို့တော့ အရေးကြီးပါတယ်။ နောင်တရစရာတွေကို မတွေးမိဖို့သတိထားပါ။

(၄) အမှားတွေအတွက် သင့်ကိုယ်သင်ခွင့်လွှတ်ပေးပါ

Photo : Doutor Finanças

တခါတရံ သင်ဟာတချို့ကိစ္စတွေမှာ ရှုံးနိမ့်ခဲ့တယ်လို့ယူဆတဲ့အတွက် ကိုယ့်ကိုယ်ကိုအခက်တွေ့စေတာပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုစိတ်ဖိစီးစေပြီး နောက်တခါအမှားတွေလုပ်ဖို့ တွန်းအားပေးသလိုပါပဲ။ သင်မအောင်မြင်ခဲ့တဲ့အရာတခုကို နောက်တခါ ကြိုးစားကြည့်ဖို့ သတ္တိရှိပါ။ သင်အရှုံးပေးလိုက်တဲ့တခါက အောင်မြင်မှုနဲ့ အလွန်နီးကပ်နေတာမျိုး ဖြစ်နေတတ်လို့ပါပဲ။