အသက် ၂၀ ဆိုတာ စိတ်လှုပ်ရှားဖို့ အကောင်းဆုံးကာလပါပဲ။ အသက် ၂၀ မှာ လုပ်ခဲ့တဲ့အရာတွေဟာ သတ်လတ်ပိုင်းအရွယ်မှာ နေရာတစ်ခုခုမှာ အောင်မြင်မှုရအောင် ကူညီပေးနိုင်ပါတယ်။ဒါကြောင့်ပဲ အောင်မြင်ခဲ့သူတွေ အသက် ၂၀ အရွယ်မှာ ဘာတွေ တွေးခဲ့ပြီး ဘယ်လိုနေခဲ့သလဲဆိုတာကနေ သင်ခန်းစာယူရအောင်ပါ။

(၁) ရွယ်တူတန်းတူတွေ အထင်ကြီးခံရအောင် လုပ်ဖို့ စိတ်မဝင်စားဘူး

Photo: Genesis Recruitment Solutions

အသက် ၂၀ လို နုနယ်တဲ့ အရွယ်မှာ ကိုယ့်အရွယ်အချင်းချင်း ဖိအားပေးတဲ့ Peer Pressure ဒဏ်ကို ကြောက်ကြပါတယ်။ အဲ့ဒီအရွယ်မှာ လူတော်တော်များများ လုပ်လေ့ရှိတာက ကိုယ့်ရဲ့ Passion နောက်ကို လိုက်ဖို့ထက် ကိုယ့်အရွယ်တွေ အထင်ကြီးမယ့်အရာတွေပဲ လုပ်ပြချင်တာပဲ ဖြစ်ပါတယ်။ အောင်မြင်ထင်ရှားသွားတဲ့သူတွေဟာ တခြားသူတွေ အထင်ကြီးခံရအောင်ထက် ကိုယ့်ရဲ့ ပြင်းပြထက်သန်တဲ့ အိပ်မက်နောက်ကိုပဲ တစိုက်မတ်မတ် လိုက်ဖို့ ကြိုးစားကြပါတယ်။

(၂) ပညာရေးသက်သက်က အောင်မြင်တဲ့ဘဝအတွက် မလုံလောက်ဘူး

Photo: Personnel Today

သမရိုးကျ ပညာရေးဟာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်အလက်တွေပဲ စုစည်းပေးနိုင်တာပါ။ တကယ်တမ်း အောင်မြင်ဖို့ဆိုရင် ဆန်းသစ်ကွဲပြားတဲ့ အိုင်ဒီယာသစ်တွေ ဖော်ထုတ်ရပါမယ်။ ခေတ်နဲ့အညီ လိုအပ်တဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုသစ်တွေ နောက်ကို လိုက်ရပါမယ်။ ကျောင်းမှာ အဆင့်ကောင်းရုံနဲ့ အောင်မြင်မယ်လို့ အောင်မြင်သူတွေက လက်မခံပါဘူး။

(၃) ခံစားချက်က သူတို့လုပ်ရပ်ကို မလွှမ်းမိုးစေဘူး

Photo: Orange Tendances

ငယ်ရွယ်သူသဘာဝ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တဲ့အချိန်တွေ ရှိမှာပါပဲ။ ဒါပေမယ့် တိုးတက်အောင်မြင်မယ့်သူဟာ ခံစားချက်ကို ကောင်းကောင်း ကိုင်တွယ်နိုင်သူတွေ ဖြစ်ပြီး ခံစားချက်ကြောင့် သူတို့ရဲ့ လမ်းကြောင်းတွေနဲ့ လုပ်ရပ်တွေကို အမဲစက် မထင်အောင် အမြဲဂရုစိုက်ကြပါတယ်။

(၄) အဖျက်သဘောမြင်သူတွေနဲ့ မပေါင်းဘူး

Photo: VamaToday

ကိုယ့်အနားက လူတွေကို ဂရုစိုက်ပါ။ ကိုယ်နဲ့ ပေါင်းသင်းနေတဲ့သူတွေဟာ ကိုယ့်ဘဝလမ်းကြောင်းကို ရာခိုင်နှုန်းကြီးကြီးမားမား လွှမ်းမိုးပုံဖော်နိုင်လို့ ဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးသမားတစ်ယောက် ဖြစ်တဲ့ ဒန်ပီနာက “မင်းသူငယ်ချင်းတွေကို ငါ့ပြပါ။ ဒါဆို မင်းအနာဂါတ်ကို ငါပြောပြမယ်” လို့ ပြောဖူးပါတယ်။ ဒီစကားဟာ လူငယ်တွေ တကယ်မှတ်သားလိုက်နာသင့်တဲ့စကားလည်း ဖြစ်ပါတယ်။

(၅) ရည်မှန်းချက်ထားခြင်းရဲ့ အရေးပါမှုကို ဘယ်တော့မှ လျှော့မတွက်ဘူး

Photo: Next Stop Reggio

အနာဂါတ်ကို ဘယ်သူမှ မမြင်နိုင်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အနာဂါတ်အတွက် ပြင်ဆင်နေတဲ့သူ ၊ ရည်မှန်းချက်ထားပြီး ကြိုးစားနေတဲ့သူဟာ လူချင်းအတူတူ အနာဂါတ်ကို ရှေ့တစ်လှမ်းတိုး မြင်နေတဲ့သူလို့ ဆိုနိုင်ပါတယ်။ ဒီနေ့အောင်မြင်နေတဲ့သူတွေဟာ အရင်ကတည်းက အစီအစဉ်တွေချ ၊ ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော်လာခဲ့သူတွေဆိုတာ မမေ့ပါနဲ့။