ကိုယ်ခံအားကောင်းဖို့ အိပ်ရေးဝဝအိပ်ရမယ်လို့ တိုက်တွန်းကြတာတွေ ကြားဖူးမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အများက ထောက်ခံထားတဲ့ အိပ်စက်ချိန်ဟာ ၇ နာရီကနေ ၈ နာရီအထိ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၉ နာရီကျော် ၁၀ နာရီအထိ အိပ်မယ်ဆိုရင် ကိုယ်ခံအားကောင်းမှာ မဟုတ်ဘဲ ကျန်းမာရေးပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ ၁၂ နာရီကျော်တဲ့အထိ အိပ်တဲ့သူတွေဟာ Hypersomnia လို့ခေါ်တဲ့ အိပ်စက်လွန် စိတ်အခြေအနေကြုံနိုင်ပါတယ်။ Hypersomnia ဟာ အိပ်မပျော်ခြင်း Insomnia နဲ့ ဆန့်ကျင်ဘက်အခြေအနေ ဖြစ်ပါတယ်။

Photo : The Independent

ဒါဟာ ညဘက်တင် နေ့ခင်းမှာပါ အိပ်ချင်တာမျိုး ဖြစ်နေပါတယ်။ တစ်ခါတစ်လေမှာ ကားမောင်းရင်း အလုပ်လုပ်ရင်းနဲ့လည်း အိပ်ပျော်သွားနိုင်ပါတယ်။ ပုံမှန်အိပ်ချိန်ထက် လွန်ပြီး အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ နုံးချိနေခြင်းမျိုး ဖြစ်လာနိုင်ပါတယ်။ ကြာလာရင်တော့ စိတ်ဓါတ်ကျတာ ၊ စိတ်လေပြီး ဘာမှ မလုပ်ချင်တာမျိုးတွေအထိ ဖြစ်လာနိုင်လို့ လျစ်လျူရှုမထားသင့်ပါဘူး။

နောက်ထပ် စိုးရိမ်ရတဲ့ ပြဿနာက နှလုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ခြင်းပါပဲ။ အိပ်ချိန်လွန်ခြင်းဟာ ပုံမှန်မဟုတ်တဲ့ နှလုံးနဲ့ လေဖြတ်ဝေဒနာတွေပါ ဖြစ်လာနိုင်ပါတယ်။ အိပ်ချိန်လွန်ကဲခြင်းဟာ ကိုယ်အလေးချိန်တက်လာနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ အိပ်ရေးမဝသူတွေနဲ့ သာမန်ထက် ပိုအိပ်ချိန်ကြာမြင့်သူတွေဟာ ကျန်းမာရေးနဲ့ ညီအောင် အိပ်စက်သူတွေထက် သိသိသာသာ ဝဖို့ အလားအလာလည်း ရှိတတ်ပါတယ်။

Photo : HealthCentral

လေ့လာမှုတစ်ခုအရ အမျိုးသမီးတွေမှာ ကလေးမရနိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အိပ်စက်မှု အလေ့အထတွေကတော့ လူကို ဒုက္ခပေးနိုင်တာ ဖြစ်လို့ တတ်နိုင်သမျှ အိပ်ချိန်ကို ကျန်းမာရေးနဲ့အညီ ဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။