လူတစ်ယောက်နဲ့ မတွဲချင်တော့တဲ့အချိန် လမ်းခွဲရတာက မလွယ်ကူတဲ့ကိစ္စပါ။ သူ့ဘက်က ကိုယ့်အပေါ် မပြတ်နိုင်သေးဘူးဆိုရင် ပိုဆိုးပါတယ်။ ဒါပေမဲ့ သင့်ဘက်ကလည်း ဘယ်လိုမှ ရှေ့မဆက်ချင်တော့ဘူးဆိုရင် လမ်းခွဲရမှာပါပဲ။ နှစ်ဦးနှစ်ဘက် ချစ်နေမှ အချစ်ရေးတစ်ခုက သာယာစရာဖြစ်မှာပါ။ သင်က သူ့ကို လမ်းခွဲချင်ပေမယ့် သူနာကျင်မှာကြောက်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

၁။ ရိုးသားမှုရှိပါ


ငါတစ်ယောက်တည်းနေချင်လို့၊ ငါအချစ်ရေးအတွက် အချိန်ပေးဖို့ အချိန်မရှိတော့လို့ စတဲ့ အလိမ်အညာစကားတွေနဲ့ သူ့ကို လမ်းခွဲစကားမဆိုသင့်ပါဘူး။ သင့်ကို ဘာကြောင့် လမ်းခွဲလဲလို့ မေးရင် သင့်စိတ်ထဲမှာရှိတဲ့အရှိအတိုင်း ပြောပြသင့်ပါတယ်။

၂။ ကြင်နာပေးပါ


ရိုးသားမှုရှိပါဆိုလို့ “နင်က အလုပ်လက်မဲ့မို့၊ နင်က ပိုက်ဆံမရှာနိုင်လို့၊ အရည်အချင်းမရှိလို့ မတွဲနိုင်တော့တာမျိုး”တော့ မပြောသင့်ပါဘူး။ ဒီလိုပြောလိုက်တာက သူတို့ကို အများကြီး နာကျင်စေပါတယ်။ ဒီတော့ ဗွင်းဗွင်းရှင်းရှင်းမပြောဘဲ သွယ်ဝိုက်ပြီးပြောသင့်ပါတယ်။ ဒီစကားကို ပြောတာဖြစ်ပေမယ့် အညင်သာဆုံး ပုံစံနဲ့ပြောပေးပါ။ သင့်ကိုကော ဒီလိုစကားမျိုးတွေပြောရင် ခံနိုင်မလား ကိုယ့်ဘာကိုယ်နဲ့ ချိန်ဆကြည့်သင့်ပါတယ်။

၃။ အချိန်မဆွဲပါနဲ့


သင်က သူနဲ့ လမ်းခွဲချင်ပေမယ့် သူ့ကို မနာကျင်စေချင်တာကြောင့် လမ်းမခွဲဘဲ အချိန်ဆွဲတာမျိုးပါ။ ဆက်တွဲနေပေမယ့် သင်က သူ့ကို အချိန်မပေးတော့ပါဘူး။ သိပ်လည်း စကားမပြောတော့ပါဘူး။ တချို့ကျတော့လည်း အပြင်မှာ တွေ့စရာရှိရင် တွေ့တယ်။ အေးစက်စက်ကြီးနဲ့ နေတတ်ကြပါတယ်။ ဒီလိုအေးစက်စက် အပြုအမူတွေက သူတို့ကို ပိုနာကျင်စေပါတယ်။ အချိန်မဆွဲသင့်ပါဘူး။

၄။ နောက်တစ်ယောက်အရံသင့်ရှိနေတာမျိုး


သင်က လူတစ်ယောက်နဲ့ လမ်းခွဲတယ်ထားပါတော့။ နောက်နေ့ သူက နောက်အသစ်တစ်ယောက်ရနေပြီဆိုရင် သင်ဘယ်လိုခံစားရမလဲ။ ငါနဲ့တွဲနေတဲ့အချိန်မှာတင်ပဲ နောက်တစ်ယောက်ရှိနှင့်တာလား။ ငါက ဘာတွေမှားယွင်းနေလို့လဲ။ ငါဘာတွေ လိုအပ်နေလို့လဲ။ စတဲ့ အတွေးတွေ ဝင်လာတော့မှာပါ။ ဒါကြောင့် လမ်းခွဲတဲ့အချိန် ချက်ချင်းကြီး နောက်တစ်ယောက် ကောက်တွဲတာမျိုးမလုပ်သင့်ပါဘူး။ ကိုယ်တွဲခဲ့တဲ့လူတစ်ယောက်အပေါ် လေးစားမှုရှိသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar