ကားမူးတဲ့ ဒဏ်ကအင်မတန် ခံရခက်ပါတယ်။ ဒါကို ကားမူးတက်တဲ့ လူအများစု နားလည်ကြမယ်လို့ ထင်ပါတယ်။ တစ်ချို့ဆိုရင် ကားစီးပြီး ခရီးသွားရမယ်လို့ ကြားတာနဲ့တင် ခေါင်းမူးနေတက်ပါတယ်။ တစ်ချို့ကျတော့ ကားလက်မှတ်မြင်တာနဲ့တင် အန်ခြင်နေပါပြီ။ဒီဆောင်းပါးလေးမှာတော့ ကားမူးတက်သူတွေသိထားသင့်တဲ့ ထိရောက်တဲ့နည်းလမ်းကောင်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

အစားအသောက် ဆင်ခြင်ပါ

Photo : Insider

ကားစီးပြီး ခရီးမသွားခင်ရော ခရီးသွားနေစဉ်အတွင်းမှာပါ အစားအသောက်နဲ့ပက်သတ်ပြီး သတိထားရပါမယ်။ မတည့်တဲ့ အစားအသောက်များ စားခြင်း၊ အစားအစာ အလွန်အကျွံ စားသုံးခြင်း တို့ကို ရှောင်ကျဉ်ပါ။ တချို့သော လူတွေအတွက် ပြည့်တင်းစေသော၊ စပ်သော၊ အဆီများသော အစားအစာ တွေကလည်း ကားမူးခြင်းကို ပိုဆိုးစေပါတယ်။

ခရီးမသွားခင် အဆာပြေ မုန့်ကြွပ်၊ ဘီစကွတ်မုန့် အငံ၊ ရိုးရိုးပေါင်မုန့်နဲ့  ဘီစကွတ် အချောင်းလေးတွေ စားသုံးပေးပါ။ အစာအိမ်ထဲမှာ ဘာမှ မရှိတာထက် အစာတချို့ ရှိတာက ပိုကောင်းပါတယ်။ ဒါပေမယ့် အများကြီး မစားဖို့တော့ သတိထားရပါမယ်။ ဂျင်းဟာ ကားမူးခြင်းကို သက်သာစေတဲ့ သဘာဝ ဆေးတစ်မျိုးဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် ဂျင်းပြုတ်ရည်သောက်သုံးပေးပါ။

ကောင်းမွန်စွာ အနားယူထားပါ

Photo : Adobe Stock

အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ခရီးမသွားခင် အပြည့်အဝ အနားယူထားဖို့ အကြံပေးချင်ပါတယ်။

ဆေးဝါးအကူအညီယူပါ

Photo : uLékaře

ကားလည်းမူးတက်တယ် ခရီးရှည်လည်းသွားရမယ်ဆိုရင်တော့ ဆေးဝါးအကူအညီ ယူသင့်ပါတယ်။ ကားမူးခြင်းကို ကာကွယ်ပေးနိုင်တဲ့ နားအနောက် အောက်နားမှာ ကပ်နိုင်တဲ့ပစ္စည်းတွေကို အသုံးပြုပေးရင်လည်း အဆင်ပြေပါတယ်။ သောက်ဆေးတွေအတွက်ကတော့ ဆရာဝန်တွေနဲ့ တိုင်ပင်တာက အကောင်းဆုံးပါ။

ကားမူးခြင်းကို ဖြစ်ပေါ်စေတဲ့ လှုံ့ဆော်မှုတွေကို ရှောင်ကျဉ်ပါ

Photo : Freepik

အဆီများတဲ့ အစားအစာတွေ၊ အစပ်တွေ၊ ဖျော်ရည်၊ သံပုရာသီးကဲ့သို့ အက်ဆစ်ဓာတ်ရှိသော အစားအစာတွေ၊  အရမ်းပြည့်တင်းစေတဲ့ အစာတွေဟာ မူးဝေခြင်းကို အားပေးနေတာတွေပဲ ဖြစ်ပါတယ်။ ကားစီးနေစဉ်အတွင်း စာဖတ်တာ၊ ဖုန်းကြည့်တာ တွေကို ရှောင်ကျဉ်သင့်ပါတယ်။