သူငယ်ချင်းမိတ်ဆွေတွေထဲမှာ ဘယ်သူက ကိုယ့်ကိုတကယ်ခင်တယ်၊ တကယ်စိတ်ရင်းနဲ့ ပေါင်းတယ်ဆိုတာ သိနိုင်သလို၊ ဘယ်သူကတော့ ကိုယ့်အပေါ်မှာ ဟန်ဆောင်ပြီးနေလဲ၊ တကယ်မခင်တဲ့ Fake Friend ဖြစ်မလဲဆိုတာကို သူတို့ရဲ့ အပြုအမူ၊ စိတ်နေစိတ်ထားကို ကြည့်ရုံနဲ့ သိပါတယ်။ ဘယ်လောက်ပဲ ဟန်ဆောင်ပေါင်းနေပါစေ၊ တကယ့်အတွင်းစိတ်ကတော့ ပေါ်လာတာပါပဲ။ ဒါကြောင့် သင့်ကိုတကယ်မခင်တဲ့ Fake Friend ဆိုတာကို သိသာစေမယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

သူတို့ထက်သာသွားမှာကို အရမ်းကြောက်ကြပါတယ်။ ရှေ့မှာက ကိုယ့်အပေါ်ကောင်းပြ၊ ချစ်ပြနေပေမယ့် နောက်ကွယ်ရောက်ရင် မကောင်းပြောတာမျိုး၊ စိတ်ထဲမှာတော့ ကိုယ်ကအမြင့်ရောက်သွားမှာ၊ ကောင်းစားသွားမှာကို အရမ်းကြောက်ကြပါတယ်။ ကိုယ်က တစ်ခုခုကို ပြောပြလိုက်တိုင်းမှာလည်း ကောင်းတဲ့အရာဆိုရင် မလုပ်ဖို့ တစ်နည်းမဟုတ်တစ်နည်းနဲ့ လိုက်ပိတ်ပင်တာမျိုးတွေ ရှိပါတယ်။

နောက်တစ်ချက်ကတော့ ကိုယ့်ကိုချောက်တွန်းတာမျိုးပေါ့။ တချို့ကျတော့လည်း ဟန်ဆောင်ပေါင်းနေမှန်း အရမ်းသိသာပါတယ်။ ကိုယ်အောင်မြင်နေချိန် အနားမှာနေပြီး ရေလိုက်ငါးလိုက် မြှောက်ပင့်ပြီး ပေါင်းတတ်ကြတယ်။ ကိုယ်ကျရှုံးချိန်ရောက်ရင်တော့ အနားကနေ ထွက်သွားတတ်ကြပါတယ်။ ဒါမျိုးတွေက တကယ်လက်တွေ့ရှိတာကြောင့် လူတိုင်းအပေါ်မှာ ယုံကြည်မှုမလွန်ကဲဖို့ လိုပါတယ်။

တချို့ Fake Friend တွေကျတော့ စကားပြောလိုက်တိုင်းမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ လိုက်ဝေဖန်ပြီး ကဲ့ရဲ့တာမျိုး၊ စသလိုလို ပြောင်သလိုလိုနဲ့ ကိုယ့်အားနည်းချက်ကို ဖိနှိမ်ပြီးပြောတာမျိုး၊ လှောင်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

နောက်ထပ် Fake Friend တွေမှာရှိတဲ့အကျင့်ကတော့ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတာပါပဲ။ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာမျိုး၊ စနိုက်ကြော်တာမျိုး၊ ကိုယ့်အကြောင်းတွေကို လျှောက်ဖွတာမျိုး၊ စကားကို ဟိုဘက်ပို့လိုက်၊ ဒီဘက်ပို့လိုက်လုပ်တာမျိုးတွေ လုပ်တတ်ကြပါသေးတယ်။

နောက်ထပ်လည်း အမျိုးမျိုးသော စရိုက်လက္ခဏာတွေနဲ့ Fake Friend တွေက လုပ်တတ်ကြတာမို့ အဓိကကတော့ ကိုယ်ဘက်က လူတစ်ယောက်အပေါ် ယုံကြည်မှုမလွန်ကဲဖို့၊ ဒီလူက ဘယ်လိုလူလဲ၊ ကိုယ့်အပေါ် ဘယ်လိုစိတ်ရှိနေတာလဲဆိုတာကို သေချာကြည့်တတ်ဖို့၊ စဉ်းစားတတ်ဖို့ အရေးကြီးပါတယ်။

photo source: www.freepik.com