လူတိုင်းကတော့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတာပါပဲ။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာတော့ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေ ရှိမှာပါ။ အဓိကကတော့ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ပြီး ပျော်အောင်နေနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် နေ့တစ်နေ့ကို ပျော်ရွှင်စွာနဲ့ အမြဲဖြတ်သန်းနိုင်ဖို့ သင်ကိုယ်တိုင် ဘယ်လိုနေထိုင်ပြီး ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရိုးရှင်းတဲ့အရာတွေဖြစ်နေပေမယ့် တစ်နေ့တစ်နေ့ ဒါတွေကို သင်မလုပ်မိနေတာလည်း ဖြစ်နိုင်ပါတယ်။
အိပ်ရေးဝအောင်အိပ်ပါ။ ညဘက်တွေ နောက်ကျမှအိပ်တာမျိုး မလုပ်ပါနဲ့။ စောစောအိပ်ပြီး စောစောထပါ။
မနက်အိပ်ယာနိုးတာနဲ့ စိတ်ကိုကြည်ကြည်လင်လင်ထားပါ။ မနက်စောစော လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်ကျန်းမာပြီး စိတ်ကြည်လင် လန်းဆန်းစေပါတယ်။
မနက်စာကို သေချာစားပါ။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာပြီး ပျော်ရွှင်နိုင်မှာမို့ အစားအသောက်ကို သေချာဂရုစိုက်ပြီး အာဟာရရှိအောင် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။
အရာရာကို အကောင်းမြင်စိတ်ထားပေးပါ။ တော်ရုံတန်ရုံကိစ္စတွေဆို သဘောထားကြီးကြီးထားပြီး နားလည်ပေးလိုက်ပါ။ အမုန်းမပွားပါနဲ့။
သူများစိတ်နဲ့ အသက်မရှင်ပါနဲ့။ ကိုယ်ပျော်မယ်ထင်တာကို လုပ်ပါ။ ကိုယ်စိတ်ချမ်းသာသလိုနေပြီး ပျော်သလို နေပါ။
သူများဆီက ဂရုစိုက်မှုကို မလိုချင်ပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ တန်ဖိုးထားပါ။
ကိုယ့်အပေါ်ကောင်းတဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ နေ့တစ်နေ့ကို ဖြတ်သန်းပါ။ ကိုယ်နဲ့အဆင်ပြေတဲ့သူတွေ အနားမှာပဲ နေပါ။
မိသားစုနဲ့လည်း နေ့တိုင်း အချိန်ပေးပြီး ပျော်ရွှင်စွာနေပါ။
စိတ်ထဲမကျေနပ်တာတွေရှိတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောပြီး ရှင်းပါ။ စိတ်ထဲထားရင် တစ်နုတ်နုတ်နဲ့ စိတ်ညစ်နေရမှာ ပြီးတော့မှာမဟုတ်ပါဘူး။ ကိုယ့်စိတ်ကို အပင်ပန်းမခံပါနဲ့။
photo source: www.freepik.com