လူတွေက တစ်ခါတစ်လေကျရင် လုံးဝသည်းမခံနိုင်တော့တဲ့အခါမှာ အရမ်းဒေါသထွက်ပြီး ပေါက်ကွဲတတ်ကြတယ်။ ဒေါသတွေ ထိန်းချုပ်လို့မရတော့ပဲ စိတ်ရှိတိုင်း ပေါက်ကွဲမိကြတယ်။ သွေးအေးသွားတဲ့အချိန်ကျမှ မှားပါပြီဆိုပြီး ဖြစ်တတ်ကြတယ်။ နောင်တရတတ်ကြတယ်။ ဒါကြောင့် နောက်မှ နောင်တရတာမျိုးမဖြစ်ရလေအောင် အရမ်းဒေါသထွက်ပြီး ပေါက်ကွဲချင်စိတ်ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လှုပ်လှုပ်ရှားရှားအရမ်းလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ၊ အားစိုက်ထုတ်ရမယ့် လေ့ကျင့်ခန်းတွေကို များများလုပ်လိုက်ပါ။ ပြေးတာမျိုးလည်း ရပါတယ်။ ချွေးတွေထွက်ပြီး စိတ်တိုဒေါသထွက်နေတာတွေ၊ ပေါက်ကွဲချင်နေတာတွေ လျော့ကျပြီး စိတ်သက်သာသွားပါလိမ့်မယ်။

သီချင်းနားထောင်ပါ

ပေါက်ကွဲချင်လာတဲ့အခါ၊ အရမ်းဒေါသထွက်လာတဲ့အခါ နားကျပ်တပ်၊ သီချင်းအကျယ်ကြီးဖွင့်ပြီး မျက်လုံးမှိတ်ကာ ငြိမ်ငြိမ်လေး သီချင်းနားထောင်နေလိုက်ပါ။

ဂိမ်းဆော့ပါ

အရမ်းဒေါသထွက်ပြီး ပေါက်ကွဲချင်စိတ်ကို ထိန်းချုပ်ဖို့အတွက် တစ်ခုခုမှာ အာရုံစူးစိုက်နေဖို့လည်း လိုပါတယ်။ ဒါကြောင့် ဂိမ်းဆော့ခြင်းက စိတ်သက်သာရာရစေပါတယ်။

ယောဂကျင့်ပါ
အရမ်းစိတ်တိုပြီး ပေါက်ကွဲချင်စိတ်ကို ထိန်းချုပ်နိုင်ဖို့ ယောဂကျင့်ပေးပါ။ လေကောင်းလေသန့်ရပြီး တိတ်ဆိတ်တဲ့နေရာမှာ ယောဂကျင့်တာမျိုး၊ တရားထိုင်တာမျိုး လုပ်ပေးခြင်းက စိတ်အေးချမ်းပြီး စိတ်တည်ငြိမ်စေတယ်။ ဒေါသတွေလျော့ကျစေပါတယ်။

ခေါင်းအေးအေးထားစဉ်းစားပါ

အရမ်းကိုစိတ်တိုနေပြီ၊ ဒေါသထွက်နေပြီဆိုရင် ဘာမှမလုပ်ပဲ မျက်စိမှတ်ပြီး ခဏလောက် ငြိမ်ငြိမ်လေးနေလိုက်ပါ။ ပြီးမှ ခေါင်းအေးအေးထားပြီး သေချာပြန်စဉ်းစားပါ။ ငါဒီလိုလုပ်လိုက်သင့်လား၊ ပေါက်ကွဲသင့်လား ပြန်စဉ်းစားသုံးသပ်ပြီး ကိုယ့်စိတ်ကို ထိန်းချုပ်ပါ။

Photo Source: www.freepik.com