လူတစ်ယောက်နဲ့ လမ်းခွဲတယ်၊ အချစ်ရေးတစ်ခုပြတ်စဲတယ်ဆိုတာ နောက်ပြန်လှည့်ကြည့်လို့မရတဲ့ ဖြစ်ရပ်တစ်ခုပါ။ သင်က လမ်းခွဲချင်တဲ့ စိတ်ရှိလာပြီဆိုရင် သင့်ကိုယ်သင် တကယ်ကော သေချာရဲ့လား မေးခွန်းတွေ ပြန်ထုတ်ရပါမယ်။ သင်က ဒီအကြောင်းကို ဖတ်နေတယ်ဆိုမှတော့ သင်နဲ့သင့်ချစ်သူက အဆင်မပြေတဲ့ အချစ်ရေးတစ်ခုကို ဖြတ်သန်းနေရလို့ပါ။ သင်လမ်းခွဲတာ မှန်ကန်ရဲ့လား.. တကယ်ကော လမ်းခွဲချင်တာလား သေချာသွားစေဖို့ ဒီမေးခွန်း (၆)ခုကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါနော်-

၁။ သင်သူ့ကိုချစ်လား

သင်က သူ့ကိုတကယ်ကောချစ်ရဲ့လား ပြန်စဉ်းစားပါ။ တွဲခဲ့တာကြာလို့ သံယောဇဉ်ရှိတာကြောင့် ကိုယ့်စိတ်ထဲ သူ့ကို ချစ်တယ်ဆိုပြီး ထင်နေမိတာလား။ သင်က သူ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား ဒါမှမဟုတ်သူနဲ့ တွေ့ရတာ ကို ပျော်မွေ့နေတာလား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။


၂။ လမ်းခွဲလိုက်တဲ့အချိန် ကောင်းတာထက် ဆိုးတာက ပိုများနေမှာလား

သင့်ရဲ့ အချစ်ရေးက သင့်ကို ပျော်ရွှင်မှု မပေးနိုင်ဘူးဆိုရင် ဘာလို့ ဆက်တွဲနေမှာလဲ။ ဒါပေမဲ့ တစ်ခါတလေ အဆင်မပြေမှု တစ်ခုခုကြောင့် လမ်းခွဲချင်စိတ်ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရုံနဲ့ တန်းပြီး လမ်းခွဲစရာမလိုပါဘူး။ အချစ်ရေးတိုင်းက ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ပြဿနာတွေက ရှိတတ်တာပါပဲ။

၃။ သူက သင်လိုချင်တဲ့ အရာတိုင်းကို ပေးနိုင်လား

အချစ်ရေးတစ်ခုမှာ ကိုယ်ချစ်နေရင် ကိုယ့်ဘက်က ပြုပြင်ပေးနိုင်ရင် သူပြောင်းလဲလာမှာဆိုတဲ့ မျှော်လင့်ချက်မျိုးမထားသင့်ပါဘူး။ လူတိုင်းက ကိုယ့်ကိုကိုယ် ပြောင်းလဲမှ ပြောင်းလဲတာပါ။ သူက သင်လိုချင်တဲ့ ချစ်မေတ္တာ ပျော်ရွှင်မှုတွေကို မပေးနိုင်ရင် ဆက်မတွဲသင့်တော့ပါဘူး။


၄။ ငါ့ဘက်ကကော အကောင်းဆုံးကြိုးစားရဲ့လား

သင်နဲ့ သင့်ချစ်သူ ပြဿနာတက်တဲ့အချိန် သင့်ဘက်က ညှိနှိုင်းမှုတွေ လုပ်ဖူးလား။ ပြန်အဆင်ပြေအောင် ညှိနှိုင်းဖူးလား။ သင့်ဘက်ကပဲ တစ်ဖက်ပိတ်ကြီး ဘာဖြေရှင်းမှုမှ မရှိတာ မျိုး မလုပ်ပါနဲ့။ သင်နဲ့ သူပြဿနာတက်တဲ့အချိန် သူ့ဘက်ကလည်း ပြန်စဉ်းစားကြည့်ပါ။ နှစ်ဦးနှစ်ဘက်လုံး အမြင်တွေကို သုံးသပ်ကြည့်ပါ။ သင့်ဘက်က ညှိနှိုင်းတာကိုတောင် သူ့ဘက်က မလျှော့ပေးရင်တော့ လမ်းခွဲနိုင်ပါတယ်။

၅။ တခြားလူတွေရဲ့ အမြင်က သင့်အပေါ် လွှမ်းမိုးမှုရှိလား

လူတွေက သင့်ကို ကောင်းစေချင်လို့ အကြံဉာဏ်တွေ ပေးပေမယ့် ဒါတွေက တစ်ခါတလေ လမ်းမှားဘက် ဦးတည်သွားစေနိုင်ပါတယ်။ တခြားလူတွေရဲ့ စကားတွေ၊ အတွေးတွေက သင့်အချစ်ရေးကို ခြယ်လှယ်တာမျိုးမဖြစ်ပါစေနဲ့။ ဒါကြောင့် လမ်းခွဲချင်လာတဲ့အချိန် တခြားသူစကားကို နားယောင်နေမိတာလား ပြန်စဉ်းစားပါ။


၆။ သင့်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီးပြီလား

တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုလွဲနေတာက အချစ်ရေးမှာ ဆိုးဝါးတဲ့ အဖြစ်အပျက်တစ်ခုပါ။ သင့်ခံစားနေရတာတွေ၊ သင်မကြိုက်တာတွေကို သူသိအောင် ပြောပြဖို့လိုပါတယ်။ တအုံနွေးနွေးနဲ့ စိတ်ထဲမှာပဲ ထားတာမျိုး မလုပ်ပါနဲ့။ ပွင့်ပွင့်လင်းလင်းပြောပြီးဖြေရှင်းပါ။ ဒါကြောင့် လမ်းမခွဲခင်သင့်ဘက်က အဆင်မပြေမှုတွေကို အကုန်ပြောပြီးပြီလား ပြန်သုံးသပ်ပါ။

Photo Source: Pinterest

By MyStyle Myanmar