အားလုံးပဲ မင်္ဂလာပါ။ ဘဝသင်ခန်းစာတွေက တစ်ရက်ပြီးတစ်ရက် အချိန်ကြာလာတာနဲ့အမျှ အမြဲတိုးလာတတ်ပါတယ်။ မိဘဆီက ရတဲ့ သင်ခန်းစာ၊ ကိုယ်ကိုယ်တိုင်ဆီက ရတဲ့ သင်ခန်းစာနဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆီကရတဲ့ ဘဝသင်ခန်းစာဆိုပြီး အမျိုးမျိုးရှိပါတယ်။ အောက်မှာပြောထားတဲ့သင်ခန်းစာတွေကတော့ သင့်အခင်ဆုံးသူငယ်ချင်းတွေကပဲ သင့်ကို သင်ပေးနိုင်တဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။
၁။ သင်က တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သင်ပေးတယ်
သင့်အခင်ဆုံးသူငယ်ချင်းသင်ပေးတဲ့ ပထမဆုံးသင်ခန်းစာကတော့ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာပါပဲ။ သင်အထီးကျန်တဲ့အချိန်တိုင်း စိတ်ညစ်တဲ့အချိန်တိုင်း သူတို့က အမြဲရှိနေတတ်ပါတယ်။
၂။ ဘယ်လိုတော်အောင် ကြိုးစားရမလဲ သင်ပေးတယ်
စစ်မှန်တဲ့သူငယ်ချင်းဆိုရင် သင်အောင်မြင်တာကိုပဲ မြင်ချင်မှာပါ။ သင့်အခင်ဆုံးသူငယ်ချင်းတွေက လက်ရှိသင်ထက် ပိုတော်တဲ့သင်ဖြစ်အောင် အားပေးပါတယ်။ သင့်ကိုယုံကြည်ပြီး အမြဲကြိုးစားအောင် တိုက်တွန်းနေတတ်ပါတယ်။
၃။ လျို့ဝှက်ချက်အချို့က သိမ်းထားတာထက် ဖွင့်ပြောတာက ပိုကောင်းတယ်
အခင်ဆုံးသူငယ်ချင်းတွေဆီမှာ သင့်ရဲ့ လျို့ဝှက်ချက်တွေကို ပြောပြဖူးမှာပါ။ ဒီအရာကလည်း အခင်ဆုံးသူငယ်ချင်းက သင့်ကို သင်ပေးတဲ့သင်ခန်းစာပါ။
၄။ ဘယ်လိုတောင်းပန်ရမလဲ သင်ပေးတယ်
သင့်သူငယ်ချင်းနဲ့ ရန်ဖြစ်ပြီးတဲ့နောက် သင်သူ့ကို ပြန်ချော့ဖူးမှာပါ။ ဒါမှမဟုတ် သူက သင့်ကို ချော့တာလည်းဖြစ်နိုင်ပါတယ်။ ဒီအပြုအမူတွေကနေ အမှားတစ်ခုရှိရင် တောင်းပန်သင့်တယ်ဆိုတာကို သင့်အခင်ဆုံးသူငယ်ချင်းက သင်ပေးတာပါပဲ။
၅။ ပမာဏထက် အရည်အချင်းက ပိုအရေးကြီးမှန်းသင်ပေးတယ်
သင့်မှာ သူငယ်ချင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ အတွင်းကျကျ ပေါင်းနိုင်တဲ့သူငယ်ချင်းကတော့ ဒီထက် အရေအတွက်ပိုနည်းမှာပါ။ သူငယ်ချင်းအရင်းက ရှားနေတတ်ပါတယ်။ ဒါကြောင့် ပမာဏများဖို့ထက် အရည်အချင်းရှိဖို့က ပိုအရေးကြီးကြောင်း သင့်အခင်ဆုံးသူငယ်ချင်းက သင်ပေးပါတယ်။
၆။ လူတွေကို ဘယ်လိုယုံကြည်ရမလဲသင်ပေးတယ်
ဒီခေတ်မှာ အတုအယောင်တွေပေါများပေမယ့် အခင်ဆုံးသူငယ်ချင်းတွေက လူအချို့ကတော့ တကယ်ယုံကြည်သင့်ကြောင်း သင်ပေးပါတယ်။ ဒီကမ္ဘာပေါ်မှာ ယုံကြည်ချက်ထားသင့်တဲ့ လူတွေရှိပါသေးတယ်။ ဒါကိုပဲ သင့်အခင်ဆုံးသူငယ်ချင်းက သင်ပေးခဲ့တာပါ။
၇။ သင့်ရဲ့ပုံစံအမှန်ကို ကျေနပ်ဖို့ သင်ပေးတယ်
သင့်အခင်ဆုံးသူငယ်ချင်းတွေက သင့်ကို ဘယ်တော့မှပြောင်းလဲဖို့ မကြိုးစားပါဘူး။ သင့်ရဲ့ အပြစ်အနာအဆာ အားနည်းချက်တွေအားလုံးကို လက်ခံပေးပြီး လှောင်ပြောင်လေ့မရှိပါဘူး။
သင့်မှာအခင်ဆုံးသူငယ်ချင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အပေါ်က သင်ခန်းစာတွေအကုန်လုံးကို သင်ရပြီးဖြစ်မှာပါ။
Photo Source: Pinterest
By MyStyle Myanmar