သင်က မျက်မှန်တပ်နေရတဲ့ သူတစ်ယောက်ပါလား။ မျက်မှန်သမားတစ်ယောက်က မျက်မှန်မတပ်ပဲ မြင်ချင်ယောင်ဆောင်တတ်ရပါတယ်။ တစ်ခါတလေမှာ အသိမိတ်ဆွေတစ်ယောက်ယောက်နဲ့ လမ်းမှာတွေ့လို့ မရယ်ပြမိတဲ့အခါ အထင်လွဲခြင်းကိုလည်း ခံနိုင်ရပါမယ်။ တစ်ခါတလေမှာ ကိုယ့်မျက်မှန်ဘယ်နားချွတ်ထားမိမှန်းမသိလို့ လိုက်ရှာရတာလည်း အမော။

အဲ့ဒီအခက်အခဲတွေကနေ သင့်ကိုကူညီပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။

အမှောင်ထဲမှာ မျက်မှန်ရှာရတဲ့အခါ

ပါးလွှာတဲ့အနုမြူအရောင်ကို သင့်မျက်မှန်ဘူးထဲမှာ ကပ်ထားလိုက်မယ်ဆိုရင် မီးပျက်သွားတဲ့အချိန်မှာ မျက်မှန်ရှာရတာလွယ်သွားတာပေါ့။

မျက်မှန်သုတ်တဲ့အခါ

မျက်မှန်ဘူးထဲမှာပါတဲ့ မျက်မှန်သုတ်တဲ့အဝတ်စကသာ မျက်မှန်သုတ်ဖို့အကောင်းဆုံးပါပဲ။ အင်္ကျီစနဲ့သုတ်တဲ့အခါ ခြစ်ရာတွေထင်ပြီး ဖုန်မှုန့်နဲ့အမှိုက်တွေ အလွယ်တကူကပ်ညှိနိုင်လို့ပါပဲ။

ဖုန်းရဲ့အကူအညီရယူမယ်

မျက်မှန်မပါဘဲ ဘာမှမမြင်ရဘူးဆိုရင် ဖုန်းကင်မရာနဲ့ ရိုက်ထားပြီး မျက်မှန်ဘယ်နားချွတ်ခဲ့လဲဆိုတာ သတိတရရှိအောင် ပြုလုပ်ပါ။

မျက်မှန်ဆေးတဲ့အခါ

ပန်းကန်ဆေးဆပ်ပြာရည်ကတော့ မျက်မှန်ဆေးဖို့အသင့်တော်ဆုံးပါပဲ။ အရက်၊ ရှာလကာရည်၊ အမိုးနီးယား၊ ဒါမှမဟုတ် အရောင်ချွတ်ဆေးပါတဲ့ ဆပ်ပြာရည်တွေကို ရှောင်ရှားပေးပါ။ အဲ့ဒီပါဝင်ပစ္စည်းတွေက မျက်မှန်ရဲ့ကာကွယ်ပေးတဲ့အလွှာကို ဓာတ်ပြယ်သွားစေလို့ပါပဲ။

ရေငွေ့ရိုက်ခြင်းမှ ကာကွယ်ရန်

မိုးရွာတဲ့နေ့မှာ ကြုံရတဲ့ဒုက္ခ၊ Aircon ဘတ်စ်စီးတဲ့အခါ ခံစားရတဲ့ဒုက္ခကတော့ မျက်မှန်ကို ရေငွေ့ရိုက်ခြင်းပဲဖြစ်ပါတယ်။ အပူချိန်အပြောင်းအလဲကို ခံနိုင်ဖို့ရန်အတွက် မျက်မှန်ဆေးတဲ့အရည်နဲ့ ကြိုတင်ပြီး ဆေးကြောထားပါ။

မျက်မှန်က ဘီးကုတ်မဟုတ်ပါဘူး

မျက်မှန်ကို ဘီးကုတ်လိုမျိုးဆံပင်ပေါ်ကုတ်တင်ထားတဲ့အခါ မျက်မှန်ကိုင်းက ချောင်သွားတတ်ပါတယ်။

မျက်မှန်ကိုင်း ကျိုးသွားတဲ့အခါ

သွားကြားထိုးတံအသုံးပြုပြီး မျက်မှန်ကိုင်းကို အခုလိုပဲ မြန်မြန်ဆန်ဆန်ပြန်ပြင်လိုက်လို့ရပါတယ်။ ဒီနည်းလမ်းကတော့ ယာယီအဆင်ပြေဖို့အတွက်ပဲ အသုံးဝင်တာပါ။

မျက်မှန်ကိုင်း ချောင်နေတဲ့အခါ၊ ကြပ်နေတဲ့အခါ

သင့်မျက်မှန်က ခဏခဏလျှောကျနေတယ်ဆိုရင် နားရွက်နဲ့ချိတ်ဖို့ပြုလုပ်ထားတဲ့ ကွေးနေတဲ့နေရာနားကို ရေနွေးပူထဲမှာ မိနစ်အနည်းငယ်လောက်စိမ်ထားမယ်ဆိုရင် ပလပ်စတစ်က ပျော့သွားပါလိမ့်မယ်။ အဲ့ဒီအခါ ကိုင်းကို ပိုကွေးသွားအောင် ပြုလုပ်ပါ။ အကယ်၍ သင့်မျက်မှန်က ကြပ်နေတယ်ဆိုရင် ခုနကလိုပဲ ကိုင်းကို ရေနွေးပူထဲစိမ်ထားပြီး ကွေးနေတဲ့နေရာကို နည်းနည်းပြန်ဖြောင့်ပေးလိုက်ပါ။

ကားမောင်းသမားများအတွက်

ကားမှန်ဘောင်ပေါ် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ မျက်မှန်ထားတဲ့အခါ မျက်မှန်က ပုံပျက်သွားပြီး အခန့်မသင့်ရင် ကွဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် မျက်မှန်ကို နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့တဲ့နေရာ၊ ဒါမှမဟုတ် မျက်မှန်ဘူးထဲမှာ ထည့်သိမ်းထားပါ။

Source: Brightside.me