လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ချစ်တာ မှန်ပေမယ့် တစ်ခါတလေ ချစ်ဖို့ မေ့နေတတ်ကြပါတယ်။ မသိလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မိတာ၊ နှိမ်မိတာ၊ တန်ဖိုးမထားမိတာ စတာတွေကို ရံဖန်ရံဖန် သင်ကိုယ်တိုင် လုပ်ဖူးမှာပါ။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ အရင်နဲ့ မတူတော့တဲ့ လူတစ်ယောက်ဖြစ်သွားပြီး အောင်မြင်မှုတွေ ပိုရလာတတ်ပါတယ်။ သင်က ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ ကြိုးစားနေသူ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ရဲ့လား သိချင်တယ်ဆိုရင် အောက်ပါ အမူအကျင့်တွေ သင့်ဆီမှာ ရှိရဲ့လား ဆန်းစစ်နိုင်ပါတယ်။

၁။ သင့်ပုံစံအမှန်ကို သက်တောင့်သက်သာ လက်ခံတယ်

မှန်ရှေ့မှာ ကြည့်ပြီး သင့်အားနည်းချက်တွေကို မတွေးတော့ပါဘူး။ သင့်ခန္ဓာကိုယ်ကို သင်ပိုင်တာကြောင့် သင်ဝတ်ချင်တဲ့ အဝတ်အစားတွေကို ဘယ်သူ့မှ ဂရုမစိုက်ဘဲ ဝတ်တတ်လာပါတယ်။ ဝိတ်တက်လာလဲ ဘာဖြစ်လဲ ဆိုတဲ့ အတွေးမျိုး ပိုင်ဆိုင်ထားသူပါ။ ဘဝကို အရှိအတိုင်း လက်ခံပြီး ဖြတ်သန်းလာတတ်ပါတယ်။

၂။ တခြားသူတွေနဲ့ သင့်ကိုယ်သင် မနှိုင်းယှဉ်တတ်တော့ဘူး

သင်က သင့်ကိုယ်သင် မချစ်တတ်သေးရင် အချိန်အများစုမှာ ငါက သူ့လောက် ဘာလို့ မလှတာလဲ ဆိုတဲ့ အတွေးမျိုး ဝင်နေတတ်ပါတယ်။ ဒါ့အပြင် လှတဲ့ကောင်မလေးမြင်ရင်လည်း သင်ကြည့်မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သွားပြီဆိုရင်တော့ တခြားသူတွေလှတာက သင့်အလှကို မထိခိုက်နိုင်ကြောင်း နားလည်သွားပါတယ်။ သင့်မှာ ထူးခြားမှုရှိကြောင်းလည်း လက်ခံထားပါတယ်။

၃။ သင့်ကိုယ်သင် လက်ခံတယ်

သင့်ကိုယ်သင် ချစ်တတ်လာပြီဆိုရင် တခြားသူတွေရဲ့ ချီးကျူးစကားတွေကို မကြားရလည်း နေတတ်သွားပါပြီ။ ဘယ်သူမှ မချီးကျူးလည်း သင့်ကိုယ်သင် လက်ခံရင် ရကြောင်း သိထားပြီး အတွေးထဲမှာ သင့်ကိုယ်သင် အမြဲအားပေးနေတတ်ပါတယ်။

၄။ တခြားသူတွေရဲ့ အောင်မြင်မှုကို မနာလိုမဖြစ်ဘူး

အရင်လို တခြားသူ အောင်မြင်တာကြည့်ပြီး မပျော်နိုင်၊ မကြည့်နိုင် မဖြစ်တော့ပါဘူး။ သင့်ကိုယ်သင် ချစ်တာကြောင့် ဒီအရာတွေက သင်နဲ့ ဘာမှမဆိုင်ကြောင်း နားလည်လာပါတယ်။

၅။ သင့်ကိုယ်သင် ဖိအားမပေးတော့ဘူး

သင့်ကိုယ်သင် ချစ်တာကြောင့် သင့်ကိုယ်သင် ပိုကြင်နာတတ်လာပါတယ်။ ဘယ်လောက်ပဲ အဆင်မပြေပါစေ သင်အကောင်းဆုံး ကြိုးစားနေတာပဲ ဆိုတဲ့စိတ်နဲ့ ကျေနပ်တတ်လာပါတယ်။

၆။ ကိုယ်နဲ့ ထိုက်တန်တဲ့ အမျိုးသားကိုပဲ စောင့်ဆိုင်းတယ်

Single ဖြစ်နေတယ်ဆိုပြီး တွေ့တဲ့ ယောက်ျားလေးတွေနဲ့ မကြူတတ်တော့ပါဘူး။ သင်က သင့်ကို တန်ဖိုးထားပြီး ဂရုစိုက်လေးစားတဲ့ ယောက်ျားလေးမျိုးအတွက်ပဲ အချိန်ပေးပါတော့တယ်။ Single ဖြစ်နေလည်း ဝမ်းမနည်းဘဲ ကိုယ်နဲ့ ထိုက်တန်မယ့် ကောင်လေးမျိုးကိုပဲ စောင့်ဆိုင်းတတ်လာပါတယ်။

၇။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာတယ်

Self-Care ကို အရင်ထက် ပိုအချိန်ပေးလာပါတယ်။ Yoga, တရားထိုင်တာ၊ အားကစားလုပ်တာ၊ အသားအရေ ဂရုစိုက်တာ၊ ရေများများသောက်တာ စတဲ့ အရာတွေကို ပိုလုပ်လာတတ်ပါတယ်။ သင့်ကို စိတ်ချမ်းသာစေမယ့် အရာတွေအတွက် အချိန်ပေးလာပါတယ်။

၈။ တစ်နေ့အောင်မြင်လာမယ်လို့ ယုံကြည်တယ်

အခုလက်ရှိမှာ ကျရှုံးနေရင်တောင် သင်က အကောင်းဆုံး ကြိုးစားနေတာကြောင့် အခုအချိန်မဟုတ်ရင်တောင် တစ်ချိန်ချိန် အောင်မြင်လာမယ်လို့ ယုံကြည်ထားပါတယ်။

၉။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတဲ့စကား

သင့်ကိုယ်သင် ချစ်တယ်ဆိုတဲ့စကားကို အမှန်တကယ်စိတ်ထဲကနေ လက်တွေ့ကျကျ ပြောတတ်လာပါတယ်။ တကယ်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတာကြောင့် အရင်ထက် ပိုစိတ်ချမ်းသာလာပါတယ်။

Photo Source : Pinterest

By MyStyle Myanmar