အခုဖော်ပြထားတဲ့ အချက်တွေကတော့ အချစ်ရေး လမ်းခရီးသစ် တစ်ခုဆီ မလျှောက်လှမ်းခင် သိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ အချစ်သစ် တစ်ခုကို စတင်ခြင်းက ရင်ခုန်စရာ ကောင်းပါတယ်။ ဒါပေမဲ့ အရင်အချစ်လို အမှားတွေ ထပ်မဖြစ်ရလေအောင် ကြိုသိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဘယ်အချက်တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ အတိတ်ဟောင်း အကုန်လုံးကို စွန့်ပစ်ပါ

သင်က ချစ်သူသစ် ထားတော့မယ်ဆိုရင် အတိတ်ဟောင်းက အမှတ်တရ မှန်သမျှကို စွန့်လွတ်သင့်ပါတယ်။ သင်က အသစ်ကိုလည်း လိုချင်တယ်၊ အရင်အဟောင်းကိုလည်း မပြတ်သားသေးဘူးဆိုရင် ရည်းစားမထားဘဲ အချိန်စောင့်သင့်ပါသေးတယ်။

၂။ ပထမဆုံး သူငယ်ချင်း အနေနဲ့နေပါ

ရည်းစားပြန်ထားတော့မယ့် သူတွေအနေနဲ့ ချစ်သူဘဝကို အရင်မခုန်ကူးဘဲ သူငယ်ချင်း အဖြစ်ကနေ စကြည့်သင့်ပါတယ်။ သင့်တစ်နေ့တာ၊ သင့်ဝါသနာ စတာတွေကို သူနဲ့ အပြန်အလှန် မျှဝေဆွေးနွေးသင့်ပါတယ်။ သင်က ခိုင်မာတဲ့ အချစ်ရေးမျိုးကို မျှော်လင့်ထားရင် သူငယ်ချင်း Option က အသင့်တော်ဆုံး စတင်ခြင်းပါ​။

၃။ အလျင်မလိုပါနဲ့

သင်က အရင်အတွေ့အကြုံရှိဖူးတယ်ဆိုတဲ့ အတွေးကြောင့် ချစ်သူအသစ်နဲ့ အဆင့်အမြန်တက်တာမျိုး မလုပ်သင့်ပါဘူး။ ဘယ်အရာ မဆို ဖြည်းဖြည်း အချိန်ယူပြီး စဉ်းစား လုပ်ကိုင်သင့်ပါတယ်​။

၄။ အမှီအခိုကင်းစွာ နေထိုင်ပါ

ချစ်ရသူနဲ့ တစ်ချိန်လုံး ရှိနေချင်တဲ့ အတွေးက ငယ်ရွယ်စဉ် ရည်းစားစထားစမှာပဲ အသုံးဝင်တာပဲ။ သင်က အရွယ်တစ်ခု ရောက်လာပြီး ချစ်သူပြန်ထားမယ် ဆိုရင်တော့ သင့်ဘဝကို သင် စီမံခန့်ခွဲနိုင်အောင် လုပ်ထားသင့်ပါတယ်။

၅။ သင့်ပုံစံနဲ့ သင်နေပါ

အရင်အချစ်ရေး ကံမကောင်းခဲ့လို့ သင့်ကိုယ်သင် ပြောင်းလဲတာမျိုး မလုပ်သင့်ပါဘူး။ ဒီအချစ်သစ်မှာတော့ သင့်ပုံစံ အမှန်ကို သူသိအောင် ပြသသင့်ပါတယ်။ သင့်အထာနဲ့ သင်ပဲ နေသင့်ပါတယ်။

၆။ အတူတူ ပါဝင်ပါ

ဝါသနာအတူတူ လုပ်လေ့ရှိတဲ့ စုံတွဲတွေက ပိုမြဲတတ်ပါတယ်။ နှစ်ယောက် အတူတူ လုပ်နိုင်မယ့် အားကစားနည်း တစ်မျိုးကို ရှာလုပ်သင့်ပါတယ်။ သင်တို့နှစ်ယောက်မှာ ဝါသနာတူ ရှိရင် ဒီအချစ်သစ်က အရင်ထက် ပိုပျော်ရပါလိမ့်မယ်။

၇။ ဖိအားမထားပါနဲ့

သင်က သူနဲ့ စတွဲတဲ့အချိန် ပုံမှန် ခပ်မှန်မှန်ပဲ သွားသင့်ပါတယ်။ မိဘတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရမယ်၊ ဘာလုပ်ရမယ် စတဲ့ တာဝန်တွေနဲ့ သင့်ကိုယ်သင် ဖိအားမပေးသင့်ပါဘူး။

၈။ စာပို့ပြီး ဆက်သွယ်တာကို လျှော့ပါ

သင်က ရည်းစားပြန်ထားတဲ့ အချိန် လိုက်နာသသင့်တဲ့ အချက်တစ်ချက်ကတော့ အရေးကြီး ကိစ္စတစ်ခုကို ဆွေးနွေးတဲ့အခါ စာရိုက်ပို့တာထက် နှုတ်နဲ့ အပြင်မှာ ဆွေးနွေးတာကိုပဲ ဦးစားပေး လုပ်သင့်ပါတယ်။

၉။ မနှိုင်းယှဉ်ပါနဲ့

ချစ်သူသစ် ထားမယ့် သူတွေအနေနဲ့ စတွဲမယ့် သူနဲ့ အရင် အဟောင်းကို နှိုင်းယှဉ်တာမျိူး မလုပ်သင့်ပါဘူး။ လူတိုင်းက သူ့စတိုင်နဲ့ ထူးခြားမှု ရှိတာကြောင့် သင်က ရည်းစားသစ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး ရှောင်သင့်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar