သင်က သင့်ပုံစံကို တခြားမိန်းကလေးတွေနဲ့ နှိုင်းယှဉ်ပြီး အမြဲအားငယ်တတ်သူ ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ “The grass is always greener on the other side of the fence” ဆိုတဲ့ စကားလိုပဲ ကိုယ်ကလွဲ တခြားသူတွေက အစစအရာရာ ပိုသာနေတယ်၊ အဆင်ပြေနေတယ်၊ ပိုလှနေတယ်လို့ တွေးရင် သင်က ဒီအကျင့်ကို ပြန်ပြင်သင့်ပါတယ်။ တခြားမိန်းကလေးတွေနဲ့ ယှဉ်လိုက်တိုင်း သင်က သင့်ကိုယ်သင် မလှဘူး၊ အဆင်မပြေဘူးဆိုပြီး အားငယ်တတ်သူဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို ပြုလုပ်သင့်ပါတယ်။
၁။ သင့်မျက်နှာနဲ့ အဆင်ပြေမယ့် Face Wash နဲ့ Moisturizer ကို ရှာဝယ်ပါ
ဟိုလူကကောင်းလို့၊ ဒီလိုက ကောင်းလို့ ဆိုတဲ့ စကားတွေကြောင့် အလှကုန် ဝယ်တာမျိုး မဟုတ်ဘဲ ကိုယ့်မျက်နှာအသားအရေနဲ့ ကိုက်ညီတဲ့ အလှကုန်မျိုးကို ရှာဖွေသင့်ပါတယ်။ ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Face wash, Moisturizer တွေကမှ ကိုယ့်အလှကို ပိုမြင်ရစေမှာပါ။
၂။ နေ့တိုင်း Lotion လိမ်းပါ
သင့်ကိုယ်သင် အားမရဘူးဆိုရင် သင့်ကိုယ်သင် ဂရုစိုက်နေဖို့ လိုပါတယ်။ ဒီလိုမှ သင့်ယုံကြည်မှုကို တိုးစေမှာပါ။ ဈေးကွက်ထဲမှာ ယုံကြည်စိတ်ချရတဲ့ Lotion တစ်မျိုးကို ရှာဝယ်ပြီး ပုံမှန်လိမ်းပေးသင့်ပါတယ်။
၃။ သင်ကြိုက်တဲ့ ရေမွှေးနံ့ကို ရှာဖွေဝယ်ယူပါ
မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့က ကိုယ့်ယုံကြည်မှု ကို တိုးစေမယ့် လက်နက် တစ်ခုပါ။ သင်နှစ်သက်တဲ့ ရေမွှေးနံ့မျိုးကို ကိုယ်တိုင် ရှာဝယ်သင့်ပါတယ်။
၄။ ပုံမှန် အမွှေးရှင်းပေးပါ
ဂျိုင်းမွှေး၊ ခြေသလုံးမွှေး စတဲ့ အမွှေးတွေက ကိုယ့်ကို စိတ်ရှုပ်စေတဲ့ အမွှေးအမျှင်တွေပါ။ ဒါတွေကို ထွက်လာတိုင်း ပုံမှန် ရှင်းပေးသင့်ပါတယ်။ မျက်ခုံးမွှေးကိုလည်း ပေါက်လာတိုင်း ပုံစံကျအောင် ရိတ်ပေးသင့်ပါတယ်။
၅။ တစ်ပတ်မှာ တစ်ခါ Scrub တိုက်ပါ
သင့်ပုံစံကို သဘောမကျရင် ပိုလှအောင် ပြောင်းလဲနိုင်ဖို့ Scrub ပုံမှန် တိုက်ပေးသင့်ပါတယ်။ Scrub တိုက်ပေးတဲ့အခါ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသားကြည်လာစေပါတယ်။
၆။ သင့်ခြေထောက်ကို ဂရုစိုက်ပါ
ခန္ဓာကိုယ်အပြင် ခြေထောက်ကိုပါ ဂရုစိုက်သင့်ပါတယ်။ ဒီလိုမှ သင်ခြေလှမ်း လှမ်းတိုင်း ယုံကြည်မှု ရှိနေမှာပါ။ ခြေထောက်ကိုလည်း Scrub တိုက်တဲ့အချိန် မချန်ထားသင့်ဘဲ ခြေထောက်အတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်ကို လိမ်းပေးသင့်ပါတယ်။
၇။ ယေဘုယျ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိချင်တဲ့ ပျိုမေတို့အနေနဲ့ အခြေခံ အချက်တွေ ဖြစ်တဲ့ ရေများများသောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားတာ၊ ၇နာရီကနေ ၈ နာရီ အိပ်ပေးတာ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်တာ စတဲ့ အချက်တွေကို ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။
၈။ အလှအပ
သင်က မိတ်ကပ်လိမ်းနည်းတွေကို လေ့လာကာ လိမ်းကြည့်သင့်ပါတယ်။ သင်နှစ်သက်တဲ့ အင်္ကျီတွေကို ရှာဝယ်သင့်ပါတယ်။ ဒီလိုမှ အရင်ထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာမှာပါ။ ဒီလိုတွေ လုပ်နိုင်ဖို့လည်း ပိုက်ဆံများများ ရှာပေးဖို့ လိုပါတယ်။
၉။ မှန်ရှေ့မှာ
နောက်ဆုံးအဆင့်ကတော့ သင့်ကိုယ်သင် မှန်ရှေ့မှာ ကြည့်ကာ သင်က လှတယ်ဆိုတဲ့ အကြောင်းကို ယုံယုံကြည်ကြည် ပုံမှန်ပြောပေးရပါမယ်။
Photo Source: Pinterest
By MyStyle Myanmar