သင်က တစ်စုံတစ်ယောက်နဲ့ အချစ်ခရီးလမ်း အစမှာ သူ့ကို လွှတ်ထွက် မသွားအောင် ဆုပ်ကိုင်ထားနိုင်ပေမယ့် တွဲတာ ကြာလာတဲ့အခါ သူ့ကို တကယ်ချစ်မချစ် ပိုသိလာတတ်ပါတယ်။ အစပိုင်းမှာ သင်က သူ့ကို သဘောကျတဲ့ အချက်လေးတွေကြောင့် ချစ်တယ်လို့ ထင်နေနိုင်ပေမယ့် တကယ်မချစ်တာမျိုး ဖြစ်နိုင်ပါတယ်။ သင် မကြိုက်တဲ့ အချက်တွေကို သူ့ဆီမှာ ပိုတွေ့လာရတဲ့အခါ အရင်က သင်သဘောကျခဲ့ဖူးတဲ့ သေးသေးလေးတွေက ပျောက်ကွယ်သွားတတ်ပါတယ်။ သူ့ကို တကယ်ကော ချစ်ရဲ့လား သင်စဉ်းစားလာတတ်ပါတယ်။

ဒါကြောင့်ပဲ သင်က ဝေခွဲ မရတာကြောင့် ဒီအကြောင်းအရာကို လာဖတ်တာပါ။ ဒီတော့ သင့်လက်တွဲဖော်ကို သင် မချစ်တော့ဘူးလား၊ လမ်းမခွဲချင်လို့ ဆက်တွဲနေရုံလား သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ မပြီးချင်လို့ ဝန်မခံရုံပဲ ရှိတာပါ

သင်က သူနဲ့ တွဲလာခဲ့တဲ့ အချိန်တွေကို နှမြောလို့၊ အချစ်ရေး တစ်ခု ပြီးဆုံးသွားမှာ ကြောက်လို့၊ သင်တစ်ယောက်တည်း ဖြစ်သွားမှာ ကြောက်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ပဲ သူ့ကို ဆက်ဆွဲထားတာပါ။

၂။ တခြားအတွဲတွေ ၊ တခြားသူတွေက ပိုသာတယ်လို့ ထင်လာတယ်

သင်က သူ့ကို မချစ်တော့တဲ့အခါ မရနိုင်တဲ့ အရာတွေကို တမ်းတတတ်လာပါတယ်။ တခြားကောင်လေး/ ကောင်မလေးတွေကို ခေါင်းထဲ ထည့်လာတတ်ပါတယ်။ သင့်လက်တွဲဖော်နဲ့ ပတ်သက်ရင်တော့ အပြစ်မြင်စရာတွေချည်းပဲ တွေ့လာတတ်ပါတယ်။

၃။ မျှော်လင့်ချက် အမှားတွေ ထားတတ်တယ်

သူ ပြင်ပြင်ဆင်ဆင် နေတတ်လာမှာပါ၊ သူပြောင်းလဲလာမှာပါ စတဲ့ မျှော်လင့်ချက် အမှားတွေနဲ့ သင်က ဆက်တွဲတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အခုပုံစံကို သင်သဘောမကျတော့လို့ပါ။ လူတစ်ယောက်က သူတို့ ပြောင်းလဲချင်စိတ် တကယ်ရှိမှ ပြောင်းလဲတာပါ။ သင်က ပြောင်းလဲပေးလို့ မရပါဘူး။

၄။ ပြဿနာတွေကို မဖြေရှင်းဘူး

သင်က သူနဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေကို မဖြေရှင်းချင်တော့ပါဘူး။ သူနဲ့ ပတ်သက်လာရင် စိတ်သိပ်မရှည်တော့တာပါ။

၅။ ခံစားချက်တွေကို မျိုသိပ်ထားတယ်

သူနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေကို သင်က မပြောတော့ဘဲ မျိုသိပ်လာတတ်ပါတယ်။ သူနဲ့ မတွေ့ရလည်း သင့်စိတ်က အေးအေးဆေးဆေး ဖြစ်လာပါတယ်။

၆။ ထွက်ပေါက်ရှာတတ်လာတယ်

သူနဲ့ တွေ့ပြီးရင် သင်က အရင်လို မပျော်တော့ပါဘူး။ ပျော်ရွှင်လာဖို့အတွက် တခြားနည်းလမ်းတွေ ရှာလာပါတယ်။ ဘယ်ထွက်ပေါက်က အဆင်ပြေမလဲ လိုက်ရှာနေတတ်ပါတယ်။

၇။ အချစ်ရေးကို စိတ်မဝင်စားတော့ဘူး

သင်က အချစ်ရေးကို ရေလိုက်ငါးလိုက်ပဲ ပြုမူပါတော့တယ်။ သင့်ခံစားချက်တွေကို လျစ်လျူရှုထားပြီး သူနဲ့ တွေ့တာ၊ စကားပြောတာ အကုန်လုံးကို တာဝန်တစ်ခုလိုပဲ သတ်မှတ်ထားပါတယ်။

၈။ ဆွဲဆောင်မှု မရှိတော့ဘူး

သူက သင့်ကို အရင်လို မဆွဲဆောင်နိုင်တော့ပါဘူး။ သူနဲ့ အရင်လို နီးနီးကပ်ကပ် နေချင်စိတ်လည်း သင့်ဆီမှာ မရှိတော့ပါဘူး။

၉။ နာကျင်စရာတွေကို မခံစားချင်တော့ဘူး

သင်က သူ့ကို မနာကျင်စေချင်လို့ ဆက်တွဲနေရုံပဲ ရှိတာပါ။ သင့်ခံစားချက်က ဘာဆိုတာကိုလည်း သင်မသိတော့ပါဘူး။ ဘယ်အရာကိုမှ သင့်ခေါင်းထဲ မထည့်ချင်တော့တာပါ။

သင်က ဒီအချက်တွေကို ခံစားနေရပြီဆိုရင် သင့်ကိုယ်သင် ပြန်သုံးသပ်ဖို့ လိုလာပါပြီ။

Photo Source: Pinterest

By MyStyle Myanmar