သင် ရေရှည် ရည်မှန်းချက်ထားကာ တွဲခဲ့ဖူးတဲ့ ချစ်သူ တစ်ယောက် ရှိခဲ့ဖူးပြီး ဒီလူနဲ့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ဖူးရင် နာကျင်ရတဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ ခံစားချက်ကို သင်ခံစား ဖူးမှာပါ။ ကိုယ့်ဘက်က ခံစားချက် အားလုံး ပုံအပ်ပြီး ချစ်ခဲ့ရင် ပိုခံစားရတတ်ပါတယ်။

သင့်ဘက်က ပိုချစ်မိလေ မေ့ပျောက်ဖို့ ပိုခက်ခဲလေပါပဲ။ ဒီတစ်ခေါက်မှာတော့ သင့်ရဲ့ သူ့အပေါ် အချစ်တွေ၊ သံယောဇဉ်လက်ကျန်တွေကို ဖြတ်တောက်ပစ်နိုင်ဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။ ဒီနည်းလမ်းတွေက သင့်အတွက် အနည်းငယ် အသုံးဝင်ခဲ့မယ်ဆိုရင်တောင် ဖတ်ရကျိုးနပ်မှာပါ။

၁။ သင်ခံစားရသမျှကို လက်ခံပါ

ခံစားချက်ဆိုတာက ကောင်းတယ်လို့ မဆိုနိုင်သလို ဆိုးနိုင်တယ်လို့လည်း မဆိုနိုင်ပါဘူး။ ခံစားချက်ဆိုတာက ဆေးစွဲပြီး ဆေးဖျက်သလိုမျိုးပဲ ချက်ချင်းကြီး စတိဖြတ်ပစ် လို့ မရနိုင်ပါဘူး။ သင့်ကိုယ်သင် ကြင်နာမှုရှိပြီး ဖေးမအားပေးကာ ဖြစ်လာတဲ့ ခံစားချက်တိုင်းကို လက်ခံသင့်ပါတယ်။

၂။ တစ်ယောက်တည်း မနေပါနဲ့

ရည်းစားဟောင်းကို မေ့နိုင်ဖို့ တစ်ယောက်တည်း အခန်းထဲ အောင်းပြီး အချိန်တိုင်းလိုလို မနေသင့်ပါဘူး။ သင့်မိသားစု၊ သင့်သူငယ်ချင်း မိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ်နေပြီး သင့်ခံစားချက်တွေကို ရင်ဖွင့်သင့်ပါတယ်။

၃။ ဒိုင်ယာရီရေးပါ

သင့်ခံစားချက်မှန်သမျှကို စာအုပ်တစ်အုပ်ထဲ ဖွင့်အံကြည့်ပါ။ ပိတ်ရက်တွေမှာ သူ့ကို သတိရတဲ့ အကြောင်းတွေ စာအုပ်ထဲ ရေးကြည့်ပါ။ သင့်အတွက် ဒီအလေ့အကျင့်က လုပ်နေကျမဟုတ်ရင် အစမှာ ခက်ခဲနိုင်ပြီး ပုံမှန်လုပ်သွားရင် သင့်အတွက် အကူအညီ ဖြစ်မှာပါ။

၄။ အမှတ်တရတွေကို ဖျောက်ပစ်ပါ

သူနဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ သူ့လက်ဆောင်တွေ၊ သူ့အသုံးအဆောင်တွေ သင့်ဆီမှာရှိသေးရင် လွှင့်ပစ်သင့်ပါတယ်။ သင်က မလွှင့်ပစ်ရက်ရင် သူငယ်ချင်းဆီမှာ အပ်ထားနိုင်ပါတယ်။

၅။ လုံးဝ ထွက်သွားပါ

သူနဲ့ အဆက်အသွယ်ရနိုင်မယ့် အရာမှန်သမျှကို ရပ်ပစ်သင့်ပါတယ်။ သူ့ Account ကို လုံးဝ Block ထားတာ၊ သူ့ဖုန်းကို Black List ထဲ ထည့်တာ စတဲ့ အရာမှန်သမျှကို အကုန်လုပ်နိုင်ပါတယ်။ တစ်ချိန်ချိန် ဘယ်လိုခံစားချက်မှ မရှိတော့ဘဲ သူနဲ့ စကားပြောနိုင်မယ့်နေ့မှာမှ Block ထားတာတွေ ပြန်ဖြည်သင့်ပါတယ်။

၆။ လုပ်နေကျ အရာတွေ

သူနဲ့ သွားခဲ့ဖူးတဲ့ နေရာတွေ၊ သူနဲ့ နားထောင်ခဲ့ဖူးတဲ့ အမှတ်တရ သီချင်းတွေကို လုံးဝ ရှောင်ရှားသင့်ပါတယ်။

၇။ ပျော်ရွှင်မှု ဆိုတာ ရည်းစားဟောင်းပေါ်မှာ မူတည်တာ မဟုတ်ပါဘူး

အရင်က သူ့ကြောင့် ပျော်ရွှင်ခဲ့ဖူးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူရှိမှ သင်ပျော်နိုင်မှာ မဟုတ်ပါဘူး။ သင့်ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို သင့်ခန္ဓာကိုယ်၊ သင့်အတွင်းစိတ်ထဲမှာပဲ ရှာဖွေရမှာပါ။

၈။ လမ်းခွဲခြင်းကို အပြုသဘောရှုထောင့်ကနေ ကြည့်ပါ

ဒီလမ်းခွဲခြင်းက သင့်ဘဝ အစ ရောင်ခြည်ဦး ဖြစ်နိုင်ပါတယ်။ သင့်မှာ ရှိနေတဲ့ အရှုပ်ထုတ်အားလုံးကို ရှင်းပြီး ဘဝကို အသစ်ကနေ ပြန်စနိုင်ပါတယ်။

၉။ လက်ရှိအချိန်မှာ နေထိုင်ပါ

သင့်ရည်းစားဟောင်းကို သတိရလာတာနဲ့ လက်ရှိအချိန်ဆီ ပြန်လာသင့်ပါတယ်။ သင့်အသက်ရှုသံ၊ သင့်အနားက သာယာတဲ့ အသံတွေ၊ မွှေးပျံ့တဲ့ မွှေးရနံ့တွေဆီ အာရုံစိုက်ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar