ယနေ့ခေတ်မှာ ကျွန်မတို့လူသားတွေရဲ့ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဖက်ရှင်ဟာဆိုရင် လူသူကြားထဲမှာ ပေါ်လွင်ထင်ရှားနေအောင်၊ အကာအကွယ်ဖြစ်အောင်၊ ဝတ်ဆင်နေကြတဲ့ အသုံးအဆောင်ပစ္စည်းတွေဖြစ်ပါတယ်။

ဒါပေမယ့်လည်း အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်းဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်းပင် ကိုယ့်ရဲ့ရွေးချယ်ဆုံးဖြတ်မှု မှားသွားလိုက်တာနဲ့ မထင်မှတ်ဘဲ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်သွားစေနိုင်ပါတယ်။

ဒါကြောင့် ဖက်ရှင်ကိုရူးသွပ်ပေမယ့်လည်း ကိုယ့်ကျန်းမာရေးလောက် ဘယ်အရာမှအရေးမကြီးတာကြောင့် ဘယ်လိုဖက်ရှင်ပစ္စည်းတွေကို နေ့တိုင်းဝတ်ဆင်ခြင်း၊ အသုံးပြုခြင်းကနေ ရှောင်ရှားရမလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ အရမ်းကြပ်တဲ့ဂျင်းဘောင်းဘီတွေ

အမျိုးသမီးအများစုဟာဆိုရင် သူတို့ခန္ဓာကိုယ်က လှပတဲ့တင်သားလေးတွေ၊ ခြေသလုံးလေးတွေကို ပေါ်လွင်စေရန်အတွက် အသားနဲ့တစ်ထပ်တည်းဖြစ်နေတဲ့ ဂျင်းဘောင်းဘီတွေကို ရွေးချယ်ပြီးဝတ်ဆင်တတ်ကြပါတယ်။

ဒါပေမယ့် ဒီလိုအရမ်းကြပ်တဲ့ဂျင်းဘောင်းဘီတွေကို နေ့တိုင်းဝတ်ဆင်ခြင်းက သွေးလေလည်ပတ်မှုကို ရပ်တန့်စေကာ ထိုမှတဆင့် အဆီပိုတွေစုဝေးလာစေပါတယ်။ အသားနဲ့အရမ်းကပ်နေတဲ့အတွက်ကြောင့် လေဝင်လေထွက်မရှိတော့ကာ မလိုလားအပ်တဲ့အမွှေးအမျှင်လေးတွေ ပေါက်ဖွားလာနိုင်ပါတယ်။

၂။ ဒေါက်အမြင့်တွေ

မိန်းကလေးတစ်ယောက်ဟာ ဒေါက်မြင့်မြင့်ဖိနပ်တစ်ရံကို စီးလိုက်ပြီဆိုတာနဲ့ အသွင်အပြင်၊ ယုံကြည်မှုတွေလုံးဝမြင့်တက်သွားစေနိုင်ပါတယ်။ ဒီလိုဆိုတိုင်းလည်း ဒေါက်ဖိနပ်အမြင့်တွေကို နေ့တိုင်းမစီးပေးသင့်ပါဘူး။ မဆင်ခြင်ဘဲ နေ့တိုင်းစီးမယ်ဆိုပါက ခါးနာခြင်း၊ ခြေထောက်နာခြင်း၊ ခြေထောက်ရောင်ခြင်းတို့ကို ခံစားလာရနိုင်ပါတယ်။

၃။ ရှူးဖိနပ်တွေ

ဒေါက်ဖိနပ်တွေမစီးနဲ့ပြောလို့ ပြင်ညီတဲ့ ရှူးဖိနပ်အပါးတွေလည်း အန္တရာယ်မရှိဘူးလို့ မထင်လိုက်ပါနဲ့။ ခြေဆီစိမ့်ဖို့ နေရာမရှိသလို လေဝင်လေထွက်လည်းမရှိတာကြောင့် ခြေထောက်နဲ့ ခါးနာခြင်းတွေဖြစ်လာရနိုင်ပါတယ်။ ဒါ့အပြင် ခြေထောက်ရဲ့ပုံပန်းသဏ္ဍာန်လည်း လုံးဝပြောင်းလဲသွားနိုင်ပါတယ်။

၄။ ပင့်တင်ဘရာများ

ရင်သားအလှကို ဖော်လှပ်ချင်တဲ့ အမျိုးသမီးများအတွက်တော့ ပင့်တင်ဘရာတွေက အင်မတန်လူကြိုက်များပါတယ်။ သို့သော်လည်း ဒီလိုရင်သားကို ပင့်တင်တဲ့ဘရာတွေကို နေ့စဉ်ဝတ်ဆင်မယ်ဆိုပါက နဂိုလှနေတဲ့ တင်းတင်းရင်းရင်းရှိနေတဲ့ ရင်သားကိုတောင်မှ ချွတ်လိုက်တဲ့အခါ အထောက်အပံ့မရှိတော့တဲ့အတွက် ပုံမကျပန်းမကျဖြစ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးကြောတွေကိုပိတ်စေနိုင်တာကြောင့် ထိုမှတဆင့်ရင်သားကင်ဆာတွေပါ ဖြစ်လာစေနိုင်ပါတယ်။

၅။ နေကာမျက်မှန်များ

အပြင်နေပူထဲသွားတဲ့အခါ နေရောင်အင်မတန်စူးတာကြောင့် မျက်လုံးတွေကို ကာကွယ်ရန်အတွက် နေကာမျက်မှန်တွေသုံးပေးသင့်ပေမယ့်လည်း နေရောင်မရှိတော့တဲ့ ညနေခင်းတွေနဲ့ အိမ်တွင်းတွေမှာတော့ မတပ်သင့်တော့ပါဘူး။ နေရောင်မရှိတဲ့အချိန်မှာတောင် နေကာမျက်မှန်တပ်ထားမယ်ဆိုပါက မျက်လုံးဒဏ်ဖြစ်စေကာ မျက်လုံးတိမ်စွဲခြင်းဖြစ်နိုင်ခြေပါ များလာနိုင်ပါတယ်။

၆။ အသားကပ်ဘောင်းဘီများ

ဖက်ရှင်ကို ပိုပြီးပြည့်စုံစေသလို ကြည့်လို့လည်းအမြင်လှစေတဲ့ အသားကပ်ဘောင်းဘီတွေဟာ ခြေထောက်အလှကိုပိုပေါ်လွင်စေတာကြောင့် မိန်းကလေးအများစုက အင်မတန်သဘောကျကြပါတယ်။ သို့သော်လည်း မကြာမကြာဝတ်မယ်ဆိုရင်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။ မိန်းကလေးတွေအတွက် အင်မတန်အရေးကြီးတဲ့ ကိုယ်အင်္ဂါနဲ့ထိတွေ့ရတဲ့အတွက်ကြောင့် အချိန်ကြာကြာဝတ်မယ်ဆိုပါက ရောဂါပိုးတွေစုဝေးလာစေကာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၇။ ဘေးလွယ်အိတ်အကြီးကြီးများ

မိန်းကလေးတိုင်းအတွက် လိုအပ်သမျှပစ္စည်းတွေ ထည့်သိမ်းထားတဲ့ ဘေးလွယ်အိတ်တွေက အင်မတန်အသုံးဝင်တဲ့ အသုံးအဆောင်ပစ္စည်းဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဆိုးကျိုးဖြစ်စေတဲ့ အရာတစ်ခုပါပဲ။ ပစ္စည်းတွေအများကြီးထည့်ပြီး ပခုံးတစ်ဖက်နဲ့ပဲ လွယ်ရတာဖြစ်တာကြောင့် ခါးရိုးကိုတဖြည်းဖြည်းစောင်းလာစေကာ ခန္ဓာကိုယ်အနေအထားကိုလည်း ကြည့်ရဆိုးလာစေနိုင်ပါတယ်။

Source: BrightSide