သူများ မလုပ်နိုင်တဲ့အရာကို ကြိုးစားလုပ်လိုက်တာက အောင်မြင်မှုနဲ့ ပိုနီးစေပါတယ်။ အောင်မြင်သူအများစုကလည်း မနက်စောစော ထတတ်ကြပါတယ်။ မနက်စောစောထတာက အကောင်းဘက် ပိုဦးတည်စေပြီး အလုပ်တွေပိုပြီးမြောက်စေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။ ဒီတော့ မနက်စောစော နိုးဖို့ရာ Motivation ရဖို့ အတွက် မနက်စောစောထခြင်း အကျိုးကျေးဇူးတွေကို ဖော်ပြပါရစေ။

၁။ အပြည့်နိုးထဖို့ အချိန်အလုံအလောက်ရတယ်


ကိုယ့်ရဲ့ မှတ်ဉာဏ်၊ အာရုံစိုက်နိုင်စွမ်းနဲ့ တုံ့ပြန်နိုင်မှုစတဲ့အရာတွေက အပြည့်အဝအလုပ်လုပ်ဖို့ အချိန်ယူရပါတယ်။ မနက်စောစောနိုးတဲ့အခါ ဒီအရာတွေအတွက် အချိန်ပေးရာရောက်ပါတယ်။

၂။ အိပ်ချိန် မှန်မယ်


အိပ်တာနောက်ကျသူတွေက အိပ်စက်ခြင်း ပြဿနာတွေကို ပိုခံစားရနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။ အိပ်တာနောက်ကျလို့ မနက်ခင်းမှာ အကြာကြီးအိပ်ရင်တောင် မလန်းမဆန်း ဖြစ်တတ်ပါတယ်။

၃။ အိပ်ယာနိုးတဲ့အချိန် စိတ်မကြည်တာတွေ မဖြစ်တော့ဘူး


မနက် နှိုးစက်မြည်တာနဲ့ ချက်ချင်း ထ တတ်တဲ့အကျင့်ကို မွေးမြူထားတာက အကောင်းဆုံးပါပဲ။ ခဏတဖြုတ်ပြန်အိပ်လိုက်လို့ အိပ်ရေးမဝသွားပါဘူး။ အိပ်ချိန်စက်ဝန်းကိုပဲ အနှောင့်အယှက်ပေးရာ ရောက်ပါတယ်။ တစ်နေ့လုံးလည်း လန်းဆန်းတော့မှာမဟုတ်ပါဘူး။

၄။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လာမယ်


နှိုးစက်ကို ပြန်ပိတ်ပြီး အိပ်တတ်တဲ့အကျင့်က အိပ်ချိန်စက်ဝန်းကို အနှောင့်အယှက်ပေးသလို ဇီဝဖြစ်စဉ်ကိုလည်း အနှောင့်အယှက်ပေးပါတယ်။ အဝလွန်ခြင်းဖြစ်စဉ်ထိ ဦးတည်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာပေါ်မှာ လှဲနေမယ့်အစား ချက်ချင်းထပြီး ပြေပြစ်တဲ့ ခန္ဓာကိုယ်ကို ရယူလိုက်ပါ။

၅။ အချိန်မဆွဲဖြစ်တော့ဘူး


အချိန်ဆွဲတဲ့လူအများစုက အလုပ်တွေကို ညနေခင်းလောက်မှ လုပ်တတ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ မနက်စောစော ထတတ်သူတွေကတော့ ညအချိန်ကို စောစောအိပ်ဖို့ အသုံးပြုတတ်ပါတယ်တဲ့။ မနက်ပိုင်းမှာတော့ အရေးကြီးတဲ့အလုပ်တွေ လုပ်တတ်ပါတယ်။ သင်က မနက်စောစောထတဲ့အခါ အချိန်တွေ ပိုလာပါလိမ့်မယ်။

၆။ အလုပ်လုပ်ဖို့ ပိုပြီး စိတ်အားထက်သန်လာမယ်


မနက်စောစောနိုးတဲ့သူတွေက အလုပ်အမျိုးမျိုးလုပ်ဖို့ ပိုစိတ်အားထက်သန်တတ်ကြပါတယ်။ မနက်စောစောနိုးတာကြောင့် အလုပ်မသွားခင်ပြင်ဆင်ဖို့ အချိန်အလုံအလောက်ရနိုင်ပါတယ်။ ကိုယ့်ရဲ့ ရေရှည်ရေတို ပန်းတိုင်အားလုံးကို မနက်ပိုင်းမှာ အစီအစဉ်ချနိုင်ပါတယ်။

၇။ သင်ယူမှုပိုလွယ်ကူစေတယ်


မနက်စောစောနိုးတာကြောင့် အချိန်အလုံအလောက်ရပြီး စိတ်အနှောင့်အယှက်ပိုကင်းတတ်ကြပါတယ်။ ဒါကြောင့် သင်ယူမှတ်သားနိုင်စွမ်း ပိုတိုးလာစေပါတယ်။

၈။ အလေ့အကျင့်ကောင်းတွေဆီ ဦးတည်စေတယ်


အိပ်တာနောက်ကျခြင်းက မကောင်းတဲ့အလေ့အကျင့်တွေကြောင့်် ဖြစ်လာတတ်ပါတယ်။ မနက်စောစော ထသူတွေကတော့ညဘက်မှာ အရေးမပါတဲ့အလုပ်တွေကို မလုပ်မိတော့ပါဘူး။ မနက်စောစောထတဲ့အခါ မကောင်းတဲ့အလေ့အကျင့်တွေအစား အလေ့အကျင့်ကောင်းတွေဘက် ပိုဦးတည်လာစေပါတယ်။

၉။ ပိုပျော်ရွှင်လာမယ်


လူတစ်ယောက်ရဲ့ပျော်ရွှင်မှုက နေ့တစ်နေ့ကို ဘယ်လိုစတင်လဲ ဆိုတဲ့အပေါ် မူတည်တတ်ပါတယ်။ မနက်စောစောနိုးထသူတွေက ပိုတည်ငြိမ်တဲ့ စိတ်နေစိတ်ထားရှိတတ်ကြပါတယ်။ အိပ်တာနောက်ကျပြီး နေ့ခင်းလောက်မှ အိပ်ရာထတတ်သူတွေက စိတ်အပြောင်းအလဲပိုမြန်ပြီး စိတ်ဓာတ်ကျတဲ့ အထိ ဖြစ်နိုင်ပါတယ်။

သင်ကော မနက်ဘယ်အချိန်ထတတ်လဲ။ ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar