ကျန်းမာနေမှ သင်က စိတ်ချမ်းသာနေမှာပါ​။ ဒီလိုပဲ စိတ်ချမ်းသာနေမှ ကျန်းမာနေနိုင်မှာပါ။ သင်က သင့်ကိုယ်သင် ဂရုစိုက်မှ ဒီ ဆုလာဒ်နှစ်မျိုးကို ပိုင်ဆိုင်နိုင်မှာပါ။ အချိန်တိုင်း ပျော်နေရမယ် ဆိုတာမျိုး မဟုတ်ပေမယ့် အချိန် အများစုမှာ စိတ်ချမ်းသာ ကျန်းမာနေဖို့ လိုအပ်ပါတယ်​။ သင်က အရင်ထက် ကျန်းမာ ပျော်ရွှင်ချင်တယ် ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို ပြုလုပ်သင့်ပါတယ်​။

၁။ ၈ နာရီ အိပ်ပေးပါ

အိပ်ရေးဝခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အသားအရေ ပိုလှလာခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းနိုင်ခြင်း စတာတို့ပဲ ဖြစ်ပါတယ်​။ အိပ်ချိန်ကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီ ထားပေးသင့်ပါတယ်။

၂။ ၁၀ မိနစ် တရားထိုင်ပါ

အရင်ထက် ပိုအာရုံစိုက်လာနိုင်ပြီး စိတ်တည်ငြိမ်လာဖို့ တရားထိုင်ပေးသင့်ပါတယ်။ တရားထိုင်တာ ကြာလာတဲ့အခါ သင်အရင်ထက် စိတ်ချမ်းသာလာတာကို သတိထားမိပါလိမ့်မယ်။

၃။ ၁၅ မိနစ် အကြောလျှော့ပေးပါ

တောင့်တင်းနေတဲ့ သင့်ခန္ဓာကိုယ် အကြောတွေ အရင်ထက် ပြေလျော့နေမှ ပေါ့ပါးသွက်လက်နေမှာပါ။ ၁၅ မိနစ်စာ Yoga လေ့ကျင့်ခန်း လုပ်တာ၊ အကြောလျှော့တာ စတာတွေကို ပုံမှန် ပြုလုပ်သင့်ပါတယ်။

၄။ တစ်ပတ်မှာ သုံးကြိမ် Cardio လုပ်ပေးပါ

ပေါ့ပါးသွက်လက်ပြီး အရင်ထက် ပိုကျန်းမာလာဖို့ Cardio လေ့ကျင့်ခန်းတွေကို လုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာ၊ ခုန်တာ စတာတွေကို တစ်ပတ်မှာ သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။

၅။ 30 min exercise

Cardio အပြင် ထပ်ပြီး သတ်သတ်မှတ်မှတ် ထားသင့်တဲ့ အလုပ်တစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ ဝိတ်ပိုကျချင်တဲ့ ပျိုမေတို့အနေနဲ့ ပိုလိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို အနည်းဆုံး မိနစ် သုံးဆယ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

၆။ နာရီဝက် စာဖတ်ပါ

သင်က ပိုစိတ်ချမ်းသာချင်ရင် ဗဟုသုတ ကြွယ်ဝအောင် စာများများ ဖတ်ပေးသင့်ပါတယ်။ နာရီဝက် ဖတ်ဖို့ အချိန်မရရင်တောင် ၁၅ မိနစ်ခန့် စာဖတ်ပေးသင့်ပါတယ်။

၇။ ကျေးဇူးတင်တဲ့အရာ သုံးခု

ဘယ်လောက်ပဲ သင့်ဆီမှာ အားနည်းချက်၊ လိုအပ်ချက်တွေ ရှိပါစေ သင့်ဘဝမှာ ကျေးဇူးတင်စရာ အရာတွေ ရှိမှာပါ။ တစ်ခါတလေ အဆိုးတွေကလည်း ကျေးဇူးတင်စရာ ဖြစ်နေတတ်ပါတယ်။ သင် အရင်ထက် ပိုပျော်ရွှင်ချင်ရင် ကိုယ်ကျေးဇူးတင်တဲ့ အရာ (၃) ခုကို ပုံမှန် ရေးပေးသင့်ပါတယ်။

၈။ ဟင်းသီးဟင်းရွက် ခွက်တစ်ဝက်စာ

တစ်နေ့တာမှာ ဟင်းသီးဟင်းရွက် များများစားပေးတာက အရင်ထက် ပိုကျန်းမာဖို့ တာဝန်ယူမှာပါ။ အသီးအရွက် များများ စားပေးတာက ကိုယ်ရေစစ်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

၉။ ရေများများသောက်ပါ

ရေသောက်တာက အသားအရေ စိုပြေစေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေပါ ပြယ်ပျောက်စေပါတယ်။ သင်က အရင်ထက် ပျော်ရွှင်ပြီး ပိုကျန်းမာလာဖို့ ရေကို တစ်နေ့ အနည်းဆုံး ၁ လီတာခန့် သောက်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar