အားလုံးပဲ မင်္ဂလာပါ။ လက်ဖဝါးလေးတွေကို ကြည့်ပြီး လက္ခဏာဗေဒင်ဟောသလိုပဲ ခြေချောင်းလေးတွေရဲ့ ပုံသဏ္ဍာန်ကို ကြည့်ပြီး သင်က ဘယ်လိုလူလဲဆိုတာကို ဖော်ပြပေးနိုင်ပါတယ်။

စာဖတ်သူတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

ရောမခြေထောက်

ဒီခြေထောက်ကတော့ လူအများစုပိုင်ဆိုင်ထားတဲ့ ခြေထောက်ပုံစံပဲဖြစ်ပါတယ်။ ခြေမနဲ့ ခြေညှိုး တစ်ညီတည်းဖြစ်နေပြီး ခြေခလယ်ကစကာ တဖြည်းဖြည်းနိမ့်ဆင်းသွားတဲ့ ခြေချောင်းပုံစံကို ရောမခြေထောက်လို့ ခေါ်ပါတယ်။ ဒီခြေထောက်ပိုင်ရှင်တွေက ဖော်ဖော်ရွေရွေရှိပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကြပါတယ်။

လယ်သမားခြေထောက်

ဒီခြေထောက်ပိုင်ရှင်တွေကတော့ ရှားမှရှားတဲ့သူတွေပဲဖြစ်ပါတယ်။ ခြေချောင်း ငါးချောင်းလုံးရဲ့ အရှည်ကတစ်ပြေးညီဖြစ်နေတာကြောင့် တွေ့ရခဲပါတယ်။ ဒီခြေထောက်ပိုင်ရှင်တွေက လက်တွေ့ဆန်ပြီး ကျိုးကြောင်းဆီလျော်စွာလုပ်ဆောင်တတ်တဲ့သူတွေဖြစ်တယ်။ သူများပြောသမျှကို အယုံမလွယ်တဲ့ သူတွေပဲဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့သူတွေဆိုလည်း မမှားပါဘူး။ သူတို့ကယုံကြည်စိတ်ချရတဲ့သူတွေဖြစ်တာကြောင့် အလုပ်အကိုင်ကြီးတွေ ပြုလုပ်မယ်၊ လျှို့ဝှက်ချက်တွေ ပြောပြချင်တယ်ဆိုလည်း နှုတ်လုံကြပါတယ်။

အီဂျစ်ခြေထောက်

ခြေချောင်းလေးတွေက ခြေမကနေ ညီညီညာညာနိမ့်ဆင်းသွားတဲ့ခြေထောက်ပိုင်ရှင်တွေကတော့ စိတ်ခံစားချက်ပြောင်းလဲမြန်တတ်သူ၊ ပျော်ရွှင်လွယ်၊ ဝမ်းနည်းလွယ်၊ စိတ်ဆိုးဒေါသထွက်လွယ်သူတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေက အထီးကျန်ဆန်တဲ့သူတွေဖြစ်ပြီး သိုသိုသိပ်သိပ်နေထိုင်တတ်သူတွေဖြစ်တာကြောင့် သူတို့အကြောင်းကို တခြားသူတွေပြောပြရတာ မကြိုက်ကြပါဘူး။

ဂရိခြေထောက်

ခြေညှိုးက အခြားခြေချောင်းများထက် ပိုရှည်တဲ့ခြေထောက်ပိုင်ရှင်တွေကတော့ စိတ်ခံစားချက်ကို ဦးစားပေးလေ့ရှိပြီး အနုပညာဓာတ်ခံရှိကြပါတယ်။ ဒါ့အပြင် အားကစားသမားအများစုက ဒီခြေထောက်မျိုး ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ အလားအလာရှိကြပါတယ်။

ခြေသန်းနဲ့ခြေသူကြွယ် ကပ်နေတဲ့ ခြေထောက်ပိုင်ရှင်

ခြေသန်းလေးကို ခြေသူကြွယ်ကနေ ခွာချင်တယ်ဆိုရင် ခြေချောင်းကို သူ့ဘာသာခွာလို့မရဘဲ လက်ချောင်းအသုံးပြုပြီးပဲ ခွာလို့ရတဲ့သူတွေပါ။ သူတို့တွေက အလုပ်ကြိုးစားတဲ့သူတွေဖြစ်ပြီး တည်ငြိမ်တဲ့ဘဝကိုလိုလားကြသူတွေဖြစ်ပါတယ်။

ခြေသန်းခွာလို့ရတဲ့ ခြေထောက်ပိုင်ရှင်

ဒီခြေထောက်ပိုင်ရှင်တွေကတော့ အပြောင်းအလဲနဲ့ အသစ်အဆန်းတွေကို နှစ်သက်သူတွေဖြစ်တယ်။ စွန့်စားရတာကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။

ခြေညှိုးက ပုံမှန်ထက် ပိုတိုနေတဲ့ ခြေထောက်ပိုင်ရှင်

ဒီခြေထောက်ပိုင်ရှင်တွေကတော့ အများထင်မြင်ယူဆချက်နဲ့ သွေဖယ်ပြီး ကိုယ့်လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ရတာ ဝါသနာပါကြပါတယ်။ မိမိခြေထောက်ပေါ်ရပ်တည်ချင်ကြတဲ့သူတွေဖြစ်ပြီး လူများပြီးဆူညံ့တဲ့နေရာတွေကို မကြိုက်ကြပါဘူး။

ခြေခလယ်က အပြင်ဘက်သို့ ကားထွက်နေတဲ့ ခြေထောက်ပိုင်ရှင်

သူတို့တွေကတော့ ကိစ္စတိုင်းကို အစီအစဉ်တကျဆောင်ရွက်ချင်သူတွေဖြစ်ပြီး အစီအစဉ်မရှိဘဲ ထလုပ်ရတာမျိုးကို မကြိုက်ကြပါဘူး။ အရာရာတိုင်းကိုလည်း စောစီးစွာကြိုတင်သိချင်တဲ့သူတွေဖြစ်ပါတယ်။

ခြေညှိုးနဲ့ ခြေခလယ်ကြား အနည်းငယ်ကွာဟနေသော ခြေထောက်ပိုင်ရှင်

သူတို့တွေကတော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားသိမြင်ကြသူတွေဖြစ်ပါတယ်။ ဒီခြေထောက်ပိုင်ရှင်တွေကတော့ သံတမန်၊ ကုန်သည်နဲ့ စိစစ်တဲ့အလုပ်ကို ကောင်းစွာလုပ်ကိုင်နိုင်စွမ်းရှိပါတယ်။ စိတ်ခံစားချက်ကို ကောင်းစွာထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် တစ်ခါတရံမှာ သူတို့ဟာ အသည်းနှလုံးမရှိတဲ့သူလို့ အထင်လွဲခံရတတ်ပါတယ်။

Source: herbeauty.co