ရေမွှေးကြိုက်တဲ့ ပျိုမေတို့အနေနဲ့ ကိုယ်ဆွတ်ထားတဲ့ရေမွှေး ကြာရှည်ခံပြီး ခန္ဓာကိုယ်ပေါ်မှာ တစ်နေ့လုံး အနံ့စွဲနေတာမျိုးကိုလိုချင်ကြမှာပါ။ ကိုယ်သဘောကျတဲ့ရေမွှေးနံ့သင်းနေတဲ့အခါ ကိုယ်တိုင်လည်း စိတ်ကြည်လင်တဲ့အပြင် ပတ်ဝန်းကျင်ကလူတွေကပါ ကိုယ့်ရဲ့အနံ့နဲ့တွဲပြီး အမှတ်ရနေတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ခန္ဓာကိုယ်မှာ ရေမွှေးနံ့ကြာရှည်ခံဖို့ သတိထားပြုလုပ်သင့်တဲ့အချက်တွေ အကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

၁။ ရေချိုးပြီးပြီးချင်း ရေမွှေးဆွတ်ပါ။

ရေချိုးနေတဲ့အချိန်မှာ ခန္ဓာကိုယ်ပေါ်ကချွေးပေါက်တွေပွင့်နေတတ်ပါတယ်။ ရေချိုးပြီးပြီးချင်း ရေမွှေးဆွတ်တာက ချွေးပေါက်ထဲအထိစိမ့်ဝင်သွားနိုင်တဲ့အတွက် ရေမွှေးနံ့ကြာရှည်ခံစေပါတယ်။

၂။ ရေမွှေးကို အဝတ်ပေါ်မဆွတ်ပါနဲ့။

ရေမွှေးကို အသားအရေပေါ်တိုက်ရိုက်ဆွတ်တာက အဝတ်ပေါ်မှာထပ်ပိုပြီးအာနိသင်ထိရောက်ပါတယ်။ အဝတ်ပေါ်မှာရေမွှေးဖြန်းတာက လွယ်လွယ်နဲ့ အနံ့ပြယ်နိုင်တဲ့အပြင် အစွန်းအထင်းတွေလည်းကျန်ခဲ့တတ်ပါတယ်။

၃။ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။

ရေမွှေးဆွတ်တဲ့အခါမှာ အသားအရေခြောက်ကပ်မနေဖို့ကလည်း အရေးကြီးပါတယ်။ အစိုဓာတ်မရှိတဲ့ အသားအရေကစိမ့်ဝင်နိုင်ဖို့ခက်ခဲတဲ့အတွက် လွယ်လွယ်နဲ့အနံ့ပြယ်သွားနိုင်ပါတယ်။ ရေမွှေးမဆွတ်ခင်မှာ လက်နဲ့ခြေထောက်တွေကို Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ်တစ်ခုခု လိမ်းပေးပါ။ အနံ့မပါတဲ့ခရင်မ်အမျိုးအစားတွေကို အသုံးပြုရင်တော့အကောင်းဆုံးပါပဲ။

၄။ ရေမွှေးကိုအကွာအဝေးတစ်ခုကနေဖြန်းပါ။

ရေမွှေးဆွတ်တဲ့အခါ ရေမွှေးပုလင်းနဲ့ အရေပြားရဲ့ ကြားမှာ ၆လက်မနီးပါးခွာပြီးမှဖြန်းပေးပါ။ နားနောက်ပိုင်း၊ လက်ကောက်ဝတ်နှစ်ဖက်နဲ့ လည်ပင်းတစ်လျှောက်နေရာတွေဟာ ရေမွှေးကြာရှည်ခံတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။

၅။ ရေမွှေးဆွတ်ပြီးချိန် လက်ကောက်ဝတ်နှစ်ခုကို မပွတ်ပါနဲ့။

လက်ကောက်ဝတ်တစ်ဝိုက်က သွေးခုန်တဲ့နေရာကိုရေမွှေးဆွတ်ပေးတာက အနံ့ကြာရှည်ခံစေပါတယ်။ ဒါပေမယ့် ဆွတ်ပြီးတဲ့အချိန်မှာ လက်ကောက်ဝတ်နှစ်ခုကိုပွတ်လိုက်မယ်ဆိုရင်တော့ အနံ့မစွဲတဲ့အပြင် ခဏလေးအတွင်းအနံ့ပြယ်သွားနိုင်ပါတယ်။

၆။ ခေါင်းဖြီးပေါ်ကိုရေမွှေးဆွတ်ပါ။

Photo Source: KiwiReport

ခေါင်းမဖြီးခင် ခေါင်းဖြီးပေါ်ကိုရေမွှေးဖြန်းပြီး ဖြီးတာကလည်း ရေမွှေးနံ့ကြာရှည်ခံနိုင်တဲ့အပြင် လှုပ်ရှားလိုက်တိုင်းမှာလည်းအနံ့သင်းသင်းကိုရနေမှာဖြစ်ပါတယ်။

၇။ Base Notes ကောင်းတဲ့ရေမွှေးမျိုးကိုရွေးချယ်ပါ။

ရေမွှေးမှာပါဝင်တဲ့ Base Notes ဆိုတာကတော့ ဆွတ်ပြီးပြီးချင်းမှာရတဲ့အနံ့မျိုးမဟုတ်ဘဲ အချိန်အတော်ကြာမှခံစားမိတဲ့အခြေခံအနံ့ဖြစ်ပါတယ်။ အချိန်ကြာတဲ့ထိအနံ့စွဲနေဖို့ဆိုရင် ကိုယ်အသုံးပြုတဲ့ ရေမွှေးရဲ့ Base Notes ကလည်းခပ်ပြင်းပြင်းအနံ့ ဖြစ်နေဖို့လိုပါတယ်။ Vanillaအနံ့၊ ထင်းရှုးပင်လိုမျိုးသစ်ပင်နဲ့ အမွှေးဆီအမျိုးမျိုးတို့ရဲ့အနံ့တွေကတော့ ကြာရှည်ခံတဲ့ Base Notes တွေဖြစ်ပါတယ်။

၈။ အနံ့မျိုးစုံပါတဲ့ပစ္စည်းတွေ အထပ်ထပ်မသုံးမိအောင်သတိထားပေးပါ။

မတူညီတဲ့အနံ့တွေရှိတဲ့ Body Spray ၊ ခေါင်းလျှော်ရည်၊ ရေမွှေးနဲ့ ရေချိုးဆပ်ပြာတွေတစ်ပြိုင်ထဲသုံးတာက အနံ့အချင်းချင်းရောသွားစေနိုင်တဲ့အတွက် အမွှေးနံ့အထပ်ထပ်အသုံးပြုတာမျိုးကိုရှောင်ပေးသင့်ပါတယ်။

၉။ ရေမွှေးပုလင်းကို နေရောင်တိုက်ရိုက်မရောက်တဲ့ နေရာမှာထားပါ။

ရေချိုးခန်းလိုအစိုဓာတ်များတဲ့နေရာတွေနဲ့ နေရောင်ခြည်တိုက်ရိုက်ရတဲ့နေရာတွေက ရေမွှေးရဲ့မူလအနံ့ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရေမွှေးပုလင်းကို ခြောက်သွေ့ပြီးအေးမြတဲ့နေရာမျိုးမှာပဲထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar