မိန်းကလေးတွေအတွက် ဆံသားပျက်စီးမှုမရှိအောင် အမြဲတမ်း ဂရုတစိုက်ရှောင်ကြဉ်သင့်တဲ့အရာ ၉ ခုကို ပြောပြပေးလိုက်ပါတယ်။ လှပပြီး ကောင်းမွန်တဲ့ဆံသားတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအရာတွေက အရေးကြီးပါတယ်။

အဖျားတွေမညှပ်ပေးခြင်း

ဆံပင်တိုမှာစိုးလို့ဆိုပြီး ဆံပင်အဖျားတွေကို ပုံမှန်မညှပ်ပေးတာက အရမ်းမှားပါတယ်။ ဆံပင်အဖျားတွေက ပျက်စီးပြီး နှစ်ခွတွေဖြစ်နေတာကို မညှပ်ပေးပဲထားရင် ပျက်စီးနေတာတွေ ပိုများလာပြီး ဆံပင်အရှည်တောင်နှေးစေပါသေးတယ်။ ဒါကြောင့် တစ်လတစ်ခါလောက် ပျက်စီးနေတဲ့အဖျားလေးတွေကို ညှပ်ထုတ်ပေးပါ။

Conditioner မသုံးခြင်း

ခေါင်းလျှော်ပြီးတိုင်းမှာ conditioner သုံးပေးဖို့လိုပါတယ်။ Conditioner မသုံးရင် ဆံသားဖွာတာ၊ ကြမ်းတာ၊ ဆံသားခြောက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

ရေသောက်နည်းခြင်း

ရေသောက်နည်းရင် ဆံပင်သန်စွမ်းမှုလျော့ကျပြီး ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ရေများများသောက်ပေးမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာလည်း သက်သာပြီး ဆံသားသန်စွမ်းစေပါတယ်။

အရမ်းပြင်းတဲ့ Product တွေသုံးခြင်း

အရမ်းပြင်းတဲ့ product တွေကိုသုံးတာက ဆံသားအရမ်းပျက်စီးစေပါတယ်။ ဆံပင်နှစ်ခွတွေဖြစ်ပြီး ဆံပင်သိသိသာသာကျွတ်စေတာကြောင့် သတိထားရှောင်ကြဉ်သင့်ပါတယ်။

ခဏခဏခေါင်းဖြီးခြင်း

ခဏခဏခေါင်းဖြီးနေရင် ဆံပင်တွေကျွတ်ပြီး ပါးလာတာပဲရှိပါတယ်။ ဒါကြောင့် ခဏခဏခေါင်းဖြီးတတ်တဲ့အကျင့်ရှိရင် ပြင်ဖို့လိုပါတယ်။

ဆံပင်ရေစိုနဲ့အိပ်ခြင်း

ဆံပင်ကိုရေခြောက်အောင်သုတ်ပြီးမှ အိပ်သင့်ပါတယ်။ ဆံပင်ရေစိုနေတဲ့အချိန်၊ စိုထိုင်းထိုင်းဖြစ်နေတဲ့အချိန်တွေမှာ အိပ်တာက ဆံသားပျက်စီးစေပြီး ဦးရေပြားကို ဘတ်တီးရီးယားတွေ ကပ်နိုင်တာကြောင့် ဗောက်ထစေပါတယ်။ ကျန်းမာရေးအတွက်လည်း လုံးဝမကောင်းပါဘူး။

Heat Styling စက်တွေသုံးခြင်း

ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေ dryer တွေ အစရှိတဲ့ heat styling စက်တွေသုံးတာက ဆံပင်အရမ်းပျက်စီးပါတယ်။ ဆံပင်ကျိုးကြေတာ၊ နှစ်ခွဖြစ်တာ၊ ဆံပင်တွေပြတ်တာ၊ ကျွတ်တာတွေ ဖြစ်စေပါတယ်။

ရေနွေးနဲ့ခေါင်းလျှော်ခြင်း

ရေနွေးနဲ့ခေါင်းလျှော်တာက ဆံပင်သိသိသာသာကျွတ်စေပါတယ်။ ဆံသားနဲ့ ဦးရေပြားခြောက်သွေ့စေပါတယ်။ ဆံသားခြောက်ရင် ဖွာပြီးရှုပ်တာမျိုးတွေ ဖြစ်ပါတယ်။ ဦးရေပြားခြောက်ရင်တော့ ဗောက်ထစေပါတယ်။

Protein ဓာတ်လုံလောက်အောင်မစားခြင်း

Protein ဓာတ်လုံလောက်အောင်မစားရင် ဆံပင်ကောင်းမှာမဟုတ်ပါဘူး။ Protein ဓာတ်က ဆံသားအတွက် အရမ်းအထောက်အကူပြုပါတယ်။ ဆံပင်အရှည်မြန်စေပြီး ဆံပင်သန်စေတယ်။ ဆံသားတောက်ပြောင်စေပါတယ်။