အမျိုးသမီးတွေဟာ မျက်နှာပြီးရင် ဒုတိယဂရုအစိုက်ဆုံးက ဆံကေသာပါပဲ။ ဆံပင်ဟာ မိန်းကလေးတို့ရဲ့ ဒုတိယမျက်နှာပါ။ ဒါ့ကြောင့် ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေသုံးကြသလို ဆံပင်ကိုလည်း အမျိုးမျိုး ပုံသွင်းကြပါတယ်။ ဆံပင်အလှပြုပြင်တဲ့ Salon တွေလည်း သွားရတာ မကြာခဏပါပဲ။ ဆံပင်ကျွတ်ရတဲ့အဓိအကြောင်းရင်းနဲ့ ဆံသားပျက်ဆီးရတဲ့ သင်နေ့တိုင်းလုပ်နေတဲ့ အမှားတွေကို သင်သိပြီးပြီလား။

အမြဲတမ်း ဆံပင်ပုံသွင်းတယ်

ဆံပင်ကို အပူပေးပုံသွင်းတာဟာ ဆံသားကို ပျက်ဆီးစေပါတယ်။ အပူပေးစက်နဲ့ ပုံသွင်းတာသာမက Gel ဖြန်းတာကလည်း ဆံသားကိုမြန်မြန်ပျက်ဆီးစေပါတယ်။ ဆံသားခြောက်သွေ့စေလို့ စွဲစွဲမြဲမြဲမလုပ်သင့်ပါဘူး။

ခေါင်းလျှော်နည်းအမှားတွေ

ခေါင်းမလျှော်ခင်မှာ အရင်ဆုံး ခေါင်းဖီးသင့်ပါတယ်။ တစ်ချို့က ခေါင်းလျှော်ရင်းနဲ့ခေါင်းဖီးကြပါတယ်။ ဒီလိုမျိးလုပ်တာကို ရှောင်ကျဉ်သင့်ပါတယ်။ ခေါင်းလျှော်ရည်သုံးတဲ့အခါမှာလည်း ဆံပင်ပေါ်မှာ တိုက်ရိုက်တင်ပြီး သုံးကြပါတယ်။ တကယ်တော့ ခေါင်းလျှော်ရည်ကို လက်ဖဝါးပေါ်လောင်းထည့်ပြီး နည်းနည်းပွတ်ပေးကာ ဦးရေပြားကနေစပြီး ခေါင်းလျှော်ရည်ထည့်ပေးရမှာပါ။ ပြီးရင်လက်ချောင်းလေးတွေနဲ့ ငြင်သာစွာနှိပ်နှယ်ပေးပါ။ လက်သည်းနဲ့လုံး၀ မကုပ်ပါနဲ့နော်။ ဆံပင်ကျွတ်စေပါတယ်။

ခေါင်းမကြာခဏလျှော်ခြင်း

တစ်ရက်ခြားတစ်ခါလိုလို ခေါင်းလျှော်တာကလည်း ဆံပင်ကိုကျွတ်စေပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်ဆိုရင် အလွန်ဆုံး ၂ ရက်ခြားတစ်ခါသာလျှော်သင့်ပါတယ်။ သာမန်ဆံပင်မျိုးဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ်သာလျှော်ပါ။

ခေါင်းဖြီးနဲ့ ဆံပင်ဖြီးခြင်း

ခေါင်းဖြီး နဲ့ ဆံပင်မကြာခဏဖြီးတာဟာ ဆံပင်ကျွတ်စေပါတယ်။ သင့်ကိုသင် မှန်ရှေ့ခဏခဏရပ်ပြီး ခေါင်းဖြီးတာက သင့်ကိုပိုလှစေမှာမဟုတ်ပါဘူး။ ဆံပင်သာကျွတ်စေမှာပါ။

အဲဒီအစား လက်ချောင်းလေးတွေနဲ့သာ ဖြီးချလိုက်ပါ။

ဆံပင်မှုတ်စက်ကို သေချာမကိုင်ခြင်း

ဆံပင်လေမှုတ်စက်ကို သေချာမကိုင်တာကလည်း ဆံပင်ကိုပိုလို့ကျွတ်စေပါတယ်။ အရင်ဆုံး ဆံပင်ကိုလေမှုတ်တဲ့နေရာမှာ အပူရှိန်ကို သာမန်လောက်သာထားသင့်ပါတယ်။ ပြီးရင် အရင်းကနေ အဖျားထိမှုတ်ပေးရတာပါ။ ဦးရေပြားကို မထိစေဖို့ သတိထားသင့်ပါတယ်။ ပြီးတော့ ၅ မိနစ်ထက်လည်းပိုမမှုတ်သင့်ပါဘူး။ ဆံသားကိုလည်း လုံးဝခြောက်သွေ့သွားအောင်မှုတ်မဲ့အစား အနေတော်လောက်သာမှုတ်ပေးရမှာဖြစ်ပါတယ်။

အချိန်မှန်မစားခြင်း

အချိန်မှန်စားသုံးပေးပါမှ ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာရရှိစေမှာပါ။ အစာစားချိန်မမှန်တာကလည်း ဆံပင်ကျွတ်စေပါတယ်။ ဆံပင်သန်ဖို့အတွက် ကြက်ဥ ၊ အသား၊ ဟင်းသီးဟင်းရွက် များများစားပါ။

ဦးထုပ် (သို့) တကာတစ်ခုခုမဆောင်းခြင်း

နေရောင်ချည်နဲ့ ထိတွေ့တာများရင် ဆံသားခြောက်သွေ့ပျက်ဆီးပြီး အဆီပြန်စေသလို ဆံပင်အမြစ်တွေကို ထိခိုက်စေပြီး ဆံပင်ကျွတ်စေပါတယ်။ ဒါ့ကြောင့်နေပူထဲသွားတဲ့အခါ ထီးဆောင်းတာ ဦးထုပ်ဆောင်းတာမျိုးလုပ်ပေးသင့်ပါတယ်။ သင့်မျက်လုံးကို နေရောင်ချည်ထိတွေ့မှုကနေ ကာကွယ်ရုံသာမက ဆံကေသာအတွက်လည်းအရေးကြီးပါတယ်။

ဆံပင်ချပြီးအိပ်ခြင်း

ဆံပင်ရှည်တဲ့သူတွေ ဆံပင်ကို နည်းနည်းဖွဖွစည်းတာ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ်တာမျိုး လုပ်သင့်ပါတယ်။ ဆံပင်ချပြီးအိပ်ရင် ပိုပြီး ဆံပင်ကျွတ်စေပါတယ်။

ခေါင်းဖြီးကို သန့်ရှင်းရေးမလုပ်ခြင်း

ခေါင်းဖြီးကို သန့်ရှင်းရေးမလုပ်တာကလည်း ဆံပင်ကို ပိုလို့ကျွတ်စေပါတယ်။ ဆံကေသာမှာကပ်နေတဲ့ အဆီတွေ အညှစ်ကြေးတွေဟာ ခေါင်းတခါဖြီးတိုင်း ဆံကေသာကို ထိခိုက်ပျက်ဆီးစေလို့ပါ။ ခေါင်းဖြီးကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပါ။