လူအချို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းရခြင်း အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဒီထဲ အတိတ်က အတွေ့အကြုံတွေလည်း ပါဝင်ပါတယ်။ လူတစ်ယောက် ကလေးဘဝတည်းက ဘယ်လို ပြုစု ပျိုးထောင်ခံခဲ့ရလဲပေါ် မူတည်ပြီး ဒီလူရဲ့ အနာဂတ်ကို သက်ရောက်နေတတ်ပါတယ်။ အခုနောက်ပိုင်း ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ ဈေးကွက်နည်းလမ်းကလည်း လူတွေမှာ လိုအပ်ချက် ရှိနေကြောင်း၊ ဒါကို ဖြည့်ဖို့ လိုကြောင်း သွေးဆောင်တဲ့ နည်းလမ်းတွေ များလာပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုပျောက်လာတတ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ဘဝင်လေဟပ်နေတယ် မထင်ရစေဘဲ ယုံကြည်မှု ပိုတိုးလာစေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။
၁။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေကို လျစ်လျူရှုပစ်ပါ
တစ်ခါတလေ လူတွေက သူတို့ မလုပ်နိုင်တဲ့ အရာတွေကိုပဲ ပိုအာရုံစိုက်တတ်ကြပါတယ်။ ဒီအတွေးတွေကြောင့်ပဲ သူတို့က စိတ်ဓာတ်ကျတတ်ကြပါတယ်။ သူတို့ရဲ့ ဘဝကို အဆိုးမြင်အတွေး တွေနဲ့ပဲ ပျက်စီးစေတတ်ပါတယ်။ ဒီလိုအတွေးတွေ ပေါ်လာပြီဆိုရင် သင့်အတွေးကို ပြောင်းကြည့်ပြီး သင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင် ပြောသင့်ပါတယ်။ ကြိုးစားကြည့်တာ ရှက်စရာ မဟုတ်ပါဘူး။ သင်က အောင်မြင်ခဲ့မယ်ဆိုရင် ဘယ်အရာမဆို အားစိုက်ထုတ်ရင် ရနိုင်ကြောင်း သင်သက်သေပြနိုင်ပါလိမ့်မယ်။
၂။ သင့်အကြောက်တရားကို ရင်ဆိုင်ပါ
အကြောက်တရားကို သင်က ရှေ့တန်းတင်ထားရင် သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်း ပျောက်သွားပါလိမ့်မယ်။ ဒါ့အပြင် သင့်ကိုယ်သင် ယုံကြည်စိတ်လည်း ပျောက်သွားမှာပါ။ ဒါကြောင့် သင်ကြောက်တာတွေကို တွေးနေမယ့်အစား ဒီအရာကို ထိပ်တိုက် ရင်ဆိုင်သင့်ပါတယ်။ သင့်ကြောက်စိတ်ကို ရင်ဆိုင်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိပါတယ်။ သင့်ကြောက်စိတ်တွေကို ဖြတ်ကျော်နိုင်မှ ယုံကြည်မှု တက်လာမှာပါ။
၃။ တခြားသူတွေနဲ့ သင့်ကိုယ်သင် မနှိုင်းယှဉ်ပါနဲ့
လေ့လာမှုတွေအရ Social Media ပေါ်က လူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တတ်သူတွေဟာ မနာလိုစိတ်တွေပဲ ကြီးထွားလာတတ်ပါတယ်တဲ့။ လူတွေကို မနာလိုစိတ် ပိုများလေလေ သူတို့ကိုယ် သူတို့ စိတ်ပျက်လေပါပဲ။ ဒါကို ဖြတ်ကျော်နိုင်ဖို့ သင်အောင်မြင်ခဲ့ဖူးတဲ့ အရာတွေကို ပြန်တွေးတာမျိုး လုပ်သင့်ပါတယ်။ သင် အွန်လိုင်းပေါ်မှာ မြင်သမျှက မမှန်ကန်ဘူးဆိုတာကို သိပြီး ဖြစ်မှာပါ။
၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ
စိတ်ဖိစီးမှုနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်လည်း ပျောက်သွားတတ်ပါတယ်။ တခြားသူတွေ သင့်အပေါ် လေးစားခြင်းက သင့်နေထိုင်ပြောဆိုပုံအပေါ် မူတည်သွားတတ်ပါတယ်။ သင် မတ်တပ်ရပ်တဲ့ပုံစံ၊ စကားပြောတဲ့ ပုံစံ အကုန်လုံးကို ယုံကြည်မှု ရှိရှိ ထားသင့်ပါတယ်။ သင်ရသင့်တဲ့ အခွင့်အရေးကို တောင်းရဲဖို့ လိုပါတယ်။
၅။ သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ
သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ လုပ်သင့်တဲ့ အရာ လေးမျိုးကတော့- ကောင်းမွန်တဲ့ Diet ပုံစံ၊ လေ့ကျင့်ခန်း၊ အိပ်ချိန်နဲ့ တရားထိုင်တာပါ။ ဒါ့အပြင် ဒီအရာတွေက သင့်ယုံကြည်မှုကို တိုးပွားစေမယ့် အရာတွေ ဖြစ်ပါတယ်။
၆။ သင့်အောင်မြင်မှုအတွက် ဂုဏ်ယူဖို့ မမေ့ပါနဲ့
တချို့လူတွေက သူတို့ အောင်မြင်သွားတဲ့အရာကို ပြောခြင်းက ဘဝင်မြင့်ခြင်းလို့ သတ်မှတ်တတ်ပါတယ်။ ဒါပေမဲ့ ဒါက မှားပါတယ်။ သင့်ကောင်းကြောင်းပြောပေးတာက အခွင့်အလမ်း အသစ်တွေကို ပိုင်ဆိုင်စေနိုင်ပါတယ်။ မှန်ကန်တဲ့ အမူအရာနဲ့ သင့်အောင်မြင်မှုကို ဂုဏ်ယူစွာ ပြောပေးဖို့ လိုပါတယ်။
၇။ မျက်လုံးချင်း ဆုံပြောပါ
ဒါအတွက် 80/20 Ratio ကို သုံးနိုင်ပါတယ်။ အချိန် ၈၀ ရာခိုင်နှုန်းကို သူ့မျက်လုံး ကြည့်ပြောပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ တခြားလုပ်နိုင်ပါတယ်။ ဒါက အစမှာ ခက်ခဲနိုင်ပေမယ့် လုပ်တာကြာလာရင် သင့်ယုံကြည်မှု ပိုတိုးလာပါလိမ့်မယ်။
၈။ ကျွမ်းကျင်မှု အသစ်သင်ယူပါ
သင့်ဗဟုသုတ၊ အတွေးတွေ ကျယ်ပြန့်လာလေလေ သင့်ယုံကြည်မှုက ပိုတိုးလာလေလေပါပဲ။ သင့်မှာ လိုအပ်တဲ့အရာတွေကို ဖြည့်ရင်း အသစ်အသစ်တွေကို လေ့လာခြင်းကလည်း ယုံကြည်မှုရှိဖို့ လိုအပ်တဲ့အရာပါ။
Source: Brightside.me