အားလုံးပဲ မင်္ဂလာပါနော်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်သစ်၊ လူသစ်ဖြစ်အောင် ပြောင်းလဲချင်သူတို့အတွက် တစ်ပတ်အတွင်းသိသိသာသာပြောင်းလဲသွားအောင် လုပ်လို့ရတဲ့အရာတွေကို ဖော်ပြပေးချင်ပါတယ်နော်။ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့အတွက် ဆုံးဖြတ်ချက်ကြီးကြီးတွေချတာထက် အခုဖော်ပြပေးမယ့် ပြောင်းလဲမှုအသေးစားလေးတွေကစပြီး အကျင့်လုပ်ပေးတာကလည်း သင့်ဘဝအတွက် အကျိုးရှိစေမှာပါ။ ဒီတော့ လိုက်လုပ်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ပါနော်-

အသစ်တစ်ခုသင်ယူလိုက်ပါ


သင့်အနေနဲ့ ကိုယ်မသိသေးတဲ့အသစ်တစ်ခု သင်ယူပေးတာက ဘဝအတွက်အကျိုးရှိသလို အမြင်လည်း ပိုကျယ်စေမှာပါနော်။ ဥပမာ ဟင်းအသစ်တစ်မျိုးချက်တာ၊ လက်မှုပညာတစ်ခုသင်ယူတာ၊ ဘာသာစကား အသစ်တစ်ခုရဲ့ အခြေခံကို လေ့လာတာ စတာတွေက သင့်တစ်ပတ်အတွင်းသင်ယူလို့ရမယ့် အရာတွေဖြစ်ပါတယ်။

မနက်ပိုင်းတစ်နာရီစောပြီး အိပ်ရာထပါ


တကယ်တမ်း အိပ်လိုက်တဲ့အခါ မသိသာပေမယ့် တစ်နာရီအတွင်း အလုပ်တော်တော်များများပြီးတာမို့ မနက်ပိုင်းတွေမှာ တစ်နာရီလောက်စောထပြီး ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေ Try ကြည့်ပါနော်။ မနက်စာစားတာ၊ အကြောလျှော့ပေးတာစတဲ့ တစ်နေ့တာလန်းလန်းဆန်းဆန်းဖြစ်စေမယ့် အမူအကျင့်လေးတွေ လုပ်ပေးသင့်ပါတယ်။

ဆံပင်ညှပ်လိုက်ပါ


ဆံပင်ကေအသစ်ပြောင်းလိုက်တာက သင့်ပုံစံကို အမြန်ဆုံးပြောင်းလဲသွားစေမယ့် နည်းလမ်းတစ်ခုပါနော်။ ကိုယ်ညှပ်နေကျပုံစံနဲ့မတူတဲ့ ဆံပင်ကေအသစ်တစ်ခုပြောင်းလဲကြည့်လိုက်ပါ။

မတွေ့ရတာကြာတဲ့ သူငယ်ချင်းကိုဖုန်းခေါ်ပါ


မတွေ့တာကြာတဲ့ သူငယ်ချင်းတစ်ယောက်ကိုဖုန်းခေါ်ပြီး ရင့်ဖွင့်လိုက်တာ၊ သူ့ရဲ့အကြောင်းတွေ နားထောင်ပေးလိုက်တာကလည်း သင့်ကိုအတွေးအမြင်အသစ်နဲ့ အားအင်တွေရစေမှာပါ။

Social Media လျှော့သုံးပါ


Social Media ကြောင့် အခြားသူတွေနဲ့ယှဉ်ပြီး စိတ်ဓာတ်ကျနေမယ်၊ စိတ်လေနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ဖို့ မေ့နေမှာပါ။ သင့်ကိုယ်သင်ပြောင်းလဲနိုင်ဖို့ အာရုံလွှင့်စေမယ့် Social Media ကိုလျှော့ချပေးဖို့လိုပါတယ်။

ကျန်းမာရေးအတွက်မကောင်းတဲ့ အမူအကျင့်တွေကို စွန့်ပစ်ပါ


ကျန်းမာရေးကိုထိခိုက်လာစေတဲ့ အမူအကျင့်တွေ ဥပမာ ဆေးလိပ်သောက်တာ၊ အချိုနဲ့အသင့်စားတွေ အလွန်အကျွံစားတာ စတာတွေကို မလုပ်မိအောင် ပြုပြင်ကြည့်ပါ။

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ


လေ့ကျင့်ခန်းအတွက်အချိန်ပေးတာကလည်း သင့်ကို Stress လျော့ကျပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ရဖို့ ပြောင်းလဲပေးမှာပါ။

အတုယူစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖတ်ပါ


ဘဝသင်ခန်းစာတွေအကြောင်းရေးဖွဲ့ထားတဲ့ စာအုပ်တွေက သင့်ကိုယ်တိုင်ကြုံတွေ့ရသလို ဘဝအတွေ့အကြုံတွေသိနိုင်တာမို့ ဒီလိုစာအုပ်တွေကတစ်ဆင့် အတုယူနိုင်အောင် တစ်ပတ်အတွင်း စာအုပ်ကောင်းကောင်းတစ်အုပ် ဖတ်ကြည့်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar