သင့်ရဲ့ ရည်မှန်းချက်က သာယာပျော်ရွှင်ပြီး ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်ဖို့ ဆိုရင်တော့ ဒီအကြောင်းအရာကို ဖတ်ပေးသင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်လာဖို့ ဘယ်လိုလုပ်နိုင်မလဲ နည်းလမ်းတွေကို သင်က လေ့လာထားရင် အရင်ထက် သူက သင့်အပေါ် ပိုသံယောဇဉ်တွယ်ပြီး ပိုချစ်လာမှာ မလွဲမသွေပါပဲ။ အချစ်ရေးဆိုတာက ကြိုးစားအားထုတ်မှု လိုအပ်သလို အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်လာဖို့ သင့်ဘက်ကနေ လုပ်နိုင်တဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ လက်ရှိအချိန်မှာ နေထိုင်ပါ

သူပိုချစ်လာဖို့ အလွယ်ဆုံး နည်းလမ်းကတော့ ချစ်ရသူနဲ့ တွေ့တဲ့အချိန်တိုင်း သင်က လက်ရှိအချိန်မှာပဲ အာရုံစိုက်ထားဖို့ပါ။ သင့်ဖုန်းကို ခဏခေါက်ထားပြီး သူ့ကို ဘယ်လိုစိတ်ချမ်းသာအောင် ထားရမလဲ စဉ်းစားနိုင်သလို သူ့ကို ဂရုစိုက်ပေးနိုင်ပါတယ်။

၂။ သူ့ကို အံ့သြအောင် လုပ်ပါ

အံ့သြမှုတွေကို လူတိုင်း သဘောကျပါတယ်။ သင်က သူပြောတဲ့ စကားကို အချိန်တိုင်း အာရုံစိုက်ပြီး သူလိုအပ်တဲ့ အရာကို သင့်ဘက်က မှတ်ထားကာ သူမထင်မှတ်တဲ့ အချိန်မှာ သင်က ဝယ်ပေးလိုက်ရင် ဒါက စိတ်လှုပ်ရှားစရာ ကိစ္စပါပဲ။ သင်သူ့ကို ပေးတဲ့ လက်ဆောင်က ဈေးကြီးစရာ မလိုပါဘူး။ အဓိကက သင်သူ့ကို ဂရုတစိုက် ရှိကြောင်း ပြသဖို့ပါပဲ။

၃။ မျက်လုံးချင်းဆုံပါ

သင့်ချစ်သူက သင့်ကို ပိုချစ်လာဖို့ သင့်ရဲ့ အပြုအမူတွေကလည်း အရေးကြီးပါတယ်။ သူနဲ့ တွေ့တဲ့အချိန်တိုင်း မျက်လုံးချင်းဆုံအောင် စကားပြောသင့်ပါတယ်။ လေ့လာချက်တွေအရ မျက်လုံးချင်းဆုံတာက ယုံကြည်ပွင့်လင်းမှုကို ဖော်ပြရာ ရောက်တယ်လို့ ဆိုထားပါတယ်။

၄။ စိတ်ပိုင်းဆိုင်ရာ အဆင်သင့် ဖြစ်ပါစေ

သင့်အကြောင်း၊ သင့်ခံစားချက်တွေကို မဖုံးကွယ်ထားသင့်ပါဘူး။ သင်က ခံစားချက်တွေကို မြိုသိပ်ထားမယ်ဆိုရင် သူနဲ့ ရင်းနှီးမှာ မဟုတ်ပါဘူး။ သင့်တစ်နေ့တာက ဘယ်လိုလဲ၊ သင့်ခံစားချက်က ဘယ်လိုရှိလဲ၊ သင့်အခက်အခဲက ဘာတွေလဲ သူသိအောင် ပြောပြသင့်ပါတယ်။

၅။ ပံ့ပိုးပေးပါ

သူလိုအပ်တဲ့ အချိန် သင်က သူ့အနားမှာ နေပြီး သူ့ကို ယုံယုံကြည်ကြည် ပံ့ပိုးသင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု နှစ်မျိုးလုံးကို လုပ်ပေးရမှာပါ။ ဖြစ်နိုင်ရင် သင့်အတွေး၊ အကြံဉာဏ်ကိုပါ သူသိအောင် ပြောသင့်ပါတယ်။

၆။ အတူတူ ရယ်မောပါ

ရယ်မောတာက တစ်ယောက်နဲ့ တစ်ယောက် ကြားက သံယောဇဉ်တွေကို တိုးပွားစေပါတယ်။ သူနဲ့အတူ ဟာသလေးတွေ ပြောပါ။ ရယ်စရာ အကြောင်းအရာတွေကို ရှာဖွေပြောနိုင်ပါတယ်။

၇။ အတူတူလုပ်ပါ

သင်နဲ့ သူ အရင်ထက် ပိုချစ်လာဖို့ နှစ်ယောက်အတူ ဝါသနာပါရာတွေကို အတူတူ လုပ်သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ငြီးငွေ့တာ မဖြစ်ရအောင် ပျော်စရာတွေကို အတူတူ ဖန်တီးသင့်ပါတယ်။

၈။ တစ်ယောက်ဆီက တစ်ယောက် သင်ယူပါ

ပိုချစ်လာစေမယ့်အပြင် အရင်ထက် ဘဝ ပိုတိုးတက်လာဖို့ သင်တို့ နှစ်ဦးက အချင်းချင်း အပြန်အလှန် သင်ယူနိုင်ပါတယ်။ သူ့ဆီက ကောင်းတဲ့အရာတွေကို သင်က မှတ်သားပြီး သင့်ဘဝမှာ ကျင့်သုံးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar