သင်က လူအများကြားရောက်တဲ့အခါ အရှက်အကြောက်ကြီးတာကြောင့် အခက်တွေ့ရတယ်လို့ ခံစားနေရပါသလား။ ဒါဆိုရင်တော့ အခုပြောပြပေးမယ့်အကြောင်းအရာက သင့်ရဲ့ရှက်တတ်တဲ့စိတ်ကို ကျော်လွှားနိုင်ဖို့ ကူညီပေးမှာပါ။ ပတ်ဝန်းကျင်က လူတွေနဲ့ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေးရှိခြင်းကလည်း ဘဝအတွက်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ တစ်ခါတစ်ရံမှာ အရှက်အကြောက်များတာက သင့်ကို အခွင့်အရေးအချို့ဆုံးရှုံးစေတဲ့အပြင် လူပေါင်းမဆန့်တော့တာမျိုး ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဖော်ပြထားတဲ့အချက်တွေကို အတတ်နိုင်ဆုံး လိုက်လုပ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိ လာအောင်ကြိုးစားဖို့ မမေ့ပါနဲ့နော်။

၁။ ဘယ်အရာကသင့်ကိုရှက်စေသလဲဆိုတဲ့ အကြောင်းအရင်းကိုသိအောင်လုပ်ပါ


လူတိုင်းမှာ ကိုယ့်ကိုရှက်သွားစေတဲ့ အခြေအနေတွေရှိပါတယ်။ ဥပမာ သင်က လူတွေရှေ့မှာ စကားထွက်ပြောရတဲ့အခါ ဒါမှမဟုတ် လူသစ်တွေနဲ့တွေ့ပြီး မတူညီတဲ့ပတ်ဝန်းကျင်မှာ ရောက်နေရတဲ့အခါ စတဲ့ အကြောင်းအရင်းတွေထဲက ကိုယ့်ကို အမှန်တကယ်ရှက်ကြောက်စိတ်ဖြစ်စေတဲ့အရာကို ကိုယ့်ကိုယ်ကိုယ်မေးပြီး ပြန်လည်ဆန်းစစ်ပေးဖို့လိုပါတယ်။

၂။ ခဏခဏပြုံးနေဖို့မမေ့ပါနဲ့


တစ်ယောက်ယောက်ကိုပြုံးပြတာ၊ အမြဲပြုံးနေတာမျိုးက သင့်ကိုစိတ်ပြေလျော့ပြီး သက်တောင့်သက်သာဖြစ်စေ သလို ကိုယ့်အပေါ် ဘေးလူတွေရဲ့အကောင်းမြင်စိတ်လည်း ပိုတိုးစေပါတယ်။ ဒါကြောင့် ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို စိတ်ရင်းနဲ့ပြုံးပြပေးပါ။

၃။ ဝါသနာသစ်တစ်ခုရှာထားပါ


ကိုယ်နဲ့ဝါသနာတူသူတွေနဲ့ များများတွေ့ဆုံပြီး အချင်းချင်းမျှဝေနိုင်မယ့် ဝါသနာသစ်တစ်မျိုး ရှာဖွေသင်ယူတာကလည်း သင့်ရဲ့ရှက်ကြောက်တတ်တဲ့စိတ်ကိုကျော်လွှားဖို့ပြုလုပ်ပေးသင့်တဲ့အရာတစ်ခုပါပဲ။ ဥပမာ အသင်းအဖွဲ့နဲ့ စုပေါင်းလှုပ်ရှားမှုမျိုးပါဝင်တဲ့အရာတွေကိုပြုလုပ်ပေးပါ။

၄။ ကိုယ့်ကိုယ်ကိုယ်အခြားသူတွေနဲ့ မနှိုင်းယှဉ်မိပါစေနဲ့


ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့စေတဲ့ အခြားသူတွေနဲ့နှိုင်းယှဉ်တာမျိုးကိုလည်း မလုပ်မိဖို့လိုပါတယ်။ အခြားသူတွေနဲ့ယှဉ်လေလေ သိမ်ငယ်စိတ်ဝင်ပြီး ရှက်တတ်ကြောက်တတ်လေပါပဲ။ ဒါကြောင့် အဲ့ဒီအစား ကိုယ့်မှာရှိတဲ့ လက်ရှိအချိန်ကိုပဲအာရုံစိုက်ထားပေးရပါမယ်။

၅။ ရှက်ကြောက်စိတ်ဖြစ်စေတဲ့အရာတွေနဲ့ မကြာခဏထိတွေ့ပေးပါ


ဘယ်အရာကသင့်စိတ်ကိုအခက်တွေ့စေသလဲ သိအောင်လုပ်ပြီးနောက် ဒီအခြေအနေကနေကျော်လွှားဖို့ ဒီလိုအရာတွေနဲ့မကြာခဏထိတွေ့ပေးဖို့လိုပါတယ်နော်။ ဥပမာ လူတွေရှေ့ထွက်ရတာမျိုးကို ကြောက်တတ်တယ်ဆိုရင် ဒါကိုကျော်ဖြတ်နိုင်ပြီး ကျင့်သားရစေဖို့ လူရှေ့ထွက်ပြောရတဲ့ လှုပ်ရှားမှုတွေပိုလုပ်ပေးပါ။

၆။ ဖော်ဖော်ရွေရွေနေတတ်ပါစေ


လူတွေနဲ့ပြောဆိုရတဲ့အခါ ဖော်ရွေတဲ့ပုံပေါ်အောင် ပြုံးပြပြီး မျက်လုံးချင်းဆုံစကားပြောတာ၊ လက်ဟန်ခြေဟန်သုံးပြီး ရင်းရင်းနှီးနှီးစကားပြောတာမျိုး ပြုလုပ်ပေးဖို့လည်းမမေ့ပါနဲ့။

၇။ သင့်ရဲ့ ကိုယ်ပိုင်အားသာချက်ကိုရှာဖွေပါ


လူတိုင်းမှာ မတူညီတဲ့အရည်အချင်းမျိုးစုံရှိကြသလို သင့်မှာလဲ ကျွမ်းကျင်ရာတစ်ခုရှိနေနိုင်တာမို့ ကိုယ့်ကိုယ်ကိုယ်အထင်သေးမခံဘဲ အားသာချက်တွေကို ကြိုးစားရှာဖွေကြည့်ပါ။ ကိုယ့်အားသာချက်တွေကို သိထားတာက သင့်ကိုယုံကြည်မှုတိုးဖို့ အတော်လေးအထောက်အကူဖြစ်စေပါတယ်။

၈။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထားပါ


သင့်ကိုယ်သင်ယုံကြည်စိတ်ချမှုရှိကြောင်း ပြသဖို့လည်းမမေ့သင့်ပါဘူး။ ကိုယ့်ခံယူချက်က အရေးကြီးဆုံးဖို့ ကိုယ့်ကိုယ်ကိုယ်ရှက်တတ်တဲ့သူတစ်ယောက်အဖြစ်မြင်နေသရွေ့ ဒါကိုကျော်လွှားနိုင်ဖို့မလွယ်တာကို သတိရပေးပါ။ ဘယ်အရာမဆို ငါလုပ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးထည့်ထားဖို့ လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar