အားလုံးပဲ မင်္ဂလာပါနော်။ ဦးရေပြားမှာ မကြာခဏဗောက်ထတတ်လို့ စိတ်ရှုပ်နေရတဲ့သူတွေရှိလား။ ဗောက်ထတာက တစ်ခါတစ်ရံ ရာသီဥတုကြောင့်လည်းဖြစ်တတ်သလို မတည့်တဲ့ ဆံသားပြုပြင်ရေးပစ္စည်းတွေ၊ အမူအကျင့်အမှားတွေကတစ်ဆင့်လည်း ဖြစ်လာတတ်ပါတယ်။ ရာသီမရွေး ဗောက်ပြဿနာကို ဖယ်ရှားဖို့ဆိုရင် ပုံမှန်လုပ်ပေးဖို့လိုတဲ့ ဆံသားထိန်းသိမ်းနည်းတွေကို သိထားဖို့လိုလာပါပြီ။ ဒီတစ်ခေါက်မှာ ဦးရေပြားဗောက်မထအောင် ကာကွယ်ပေးမယ့်ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ဆံသားကို သန့်ရှင်းအောင်ထားပါ


ဗောက်ပျောက်ဖို့အတွက် အရင်ဆုံး ဆံသားကို သန့်ရှင်းအောင်ထားရပါမယ်။ သင့်ဆံသားအမျိုးအစားနဲ့ အဆင်ပြေမယ့် Shampoo တစ်မျိုးရွေးပြီး တစ်ပတ်နှစ်ကြိမ်ခန့် ပုံမှန်လျှော်ပေးဖို့လိုပါတယ်။ ချွေးထွက်များတဲ့ ရာသီတွေမှာ နှစ်ရက်ခြားတစ်ကြိမ်ခန့် ပုံမှန်ခေါင်းလျှော်ပေးပါ။

ဦးရေပြားကို နှိပ်နယ်ပေးပါ


ခေါင်းလျှော်ရင်းနဲ့ ဦးရေပြားကို နှိပ်နယ်ပေးတာက မလိုအပ်တဲ့ဆဲလ်သေတွေကို ဖယ်ရှားပြီးပေးမယ့်အပြင် ဦးရေပြားတွင်း သွေးလည်ပတ်မှုကောင်းစေတာမို့ ဗောက်မထအောင် ကာကွယ်ပြီးသားဖြစ်စေမှာပါ။

ရေအပူနဲ့ ခေါင်းမလျှော်ပါနဲ့


ရေအပူနဲ့ ထိတာက ဆံသားသဘာ၀ အဆီအနှစ်တွေဆုံးရှုံးစေတာမို့ ခြောက်သွေ့ပြီး ဗောက်ထလွယ်မှာပါ။ ဒါကြောင့်မို့ ခေါင်းလျှော်မယ်ဆိုရင် ရေအေးအေးကို သုံးတာပိုကောင်းပါတယ်။

ရေများများသောက်ပါ


ရေများများသောက်ပြီး ရေဓာတ်ပြည့်အောင်နေဖို့လည်း မမေ့ပါနဲ့နော်။ ဦးရေပြားအပါအဝင် အရေပြားအစိုဓာတ်ရဖို့ ရေဓာတ်ရှိနေဖို့လိုတာမို့ တစ်နေ့ ရေနှစ်လီတာအနည်းဆုံး ပုံမှန်သောက်တဲ့အကျင့်လုပ်ထားပေးပါ။

Stress နည်းအောင်နေပါ


Stress ကိုတတ်နိုင်သလောက်လျှော့ချပေးတာကလည်း ဗောက်ပြဿနာမဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ Stress များနေသလိုခံစားရရင် ယောဂကျင့်တာ၊ တရားထိုင်တာနဲ့ အသက်ရှုလေ့ကျင့်ခန်းစတဲ့ စိတ်ဖိစီးမှုလျော့စေမယ့် အလေ့အကျင့်လေးတွေလုပ်ကြည့်သင့်ပါတယ်။

ဆံသားပြုပြင်ပစ္စည်းတွေကို အလွန်အကျွံမသုံးပါနဲ့


မလိုအပ်ဘဲ ဆံသားပြုပြင်ပစ္စည်းတွေ အလွန်အကျွံမသုံးမိဖို့လည်း လိုပါတယ်နော်။ ဆံသားမှာလိမ်းရတဲ့ အချို့ Gel နဲ့ Spray တွေက Chemical ပါဝင်မှုများတာကြောင့် ဦးရေပြားကို ခြောက်သွေ့စေပြီး ဗောက်ထစေမှာပါ။

ခေါင်းဘီးကို သေချာရွေးပါ


ဦးရေပြားယားယံပြီး ခြောက်သွေ့ခြင်းမဖြစ်အောင် အသွားကျဲပြီး နူးညံ့တဲ့ Hairbrush လေးတွေသုံးပေးပါနော်။ ခေါင်းဖြီးတဲ့အခါမှာလည်း ကြမ်းကြမ်းတမ်းတမ်းမဖြီးမိဖို့ လိုပါတယ်။

ဆံပင်အဆီမပြန်အောင်ထိန်းပါ


ဆံပင်အဆီပြန်တာက ဗောက်ပိုထတတ်တာမို့ သင်က အဆီပြန်တတ်တဲ့ဆံသားရှိတယ်ဆိုရင် ဦးရေပြားအဆီထုတ်လုပ်မှုကို ထိန်းညှိပေးနိုင်မယ့် Shampoo မျိုး ရွေးသုံးပေးပါ။

Photo Source: Pinterest

By MyStyle Myanmar