သူငယ်ချင်းဆိုတာက တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်ဆိုတာကို ထည့်မတွက်ဘဲ တန်ဖိုးထားကြတဲ့ ခင်မင်မှုမျိုးပါ။ ဒီလိုမဟုတ်ဘဲ အဆိုးမြင်စိတ်တွေ၊ ခြယ်လှယ်မှုတွေ နဲ့ ဆက်ဆံနေရတဲ့ သူငယ်ချင်းမျိုးဆိုရင်တော့ ဒါဟာ စစ်မှန်တဲ့သူငယ်ချင်းမဟုတ်တော့ပါဘူး။

သူငယ်ချင်းအချင်းချင်း အပြုသဘောနဲ့ဝေဖန်တာက ပြဿနာမဟုတ်ပေမယ့် တချို့က လုပ်သမျှကို အဆိုးမြင်စိတ်နဲ့ အရာရာကို ဝေဖန်နေရင်တော့ ကြာလာရင် အဆင်ပြေမှာမဟုတ်တော့ပါဘူး။

သူတို့လိုအပ်တဲ့အချိန်မှ သတိရပြီး မလိုအပ်တော့ရင် သတိတောင်မရဘဲ ကိုယ့်ကို လိုသုံးလိုမျိုး ဆက်ဆံတတ်တဲ့သူတွေဟာ တကယ်ကို ဝေးဝေးကရှောင်ရမယ့်လူတွေပါပဲ။

ကိုယ်အဆင်ပြေချိန်ကျ ဘေးနားမှာရှိနေတတ်ပြီး အဆင်မပြေချိန် အားငယ်ချိန်တွေကျ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတဲ့သူတွေကလည်း ရှောင်ရမယ့်လူတွေထဲမှာ ထိပ်ဆုံးကပါပါတယ်။

တချို့က ကိုယ်အမှားလုပ်မိနေရင် မတားဘဲ တမင်ဒုက္ခရောက်အောင် လက်ပိုက်ကြည့်နေတတ်ကြပါတယ်။ ဒီလို လူမျိုးတွေတော့ လုံးဝကို သူငယ်ချင်းလို့ မသက်မှတ်သင့်သလို မပေါင်းသင့်တဲ့လူတွေပါ။

ကိုယ့်အားနည်းချက်ကို လူစုံမှ ဒါမှမဟုတ် မသိတဲ့လူတွေရှေ့မှာ စသလို နောက်သလိုနဲ့ ပြောတတ်တဲ့သူတွေ ရှိပါတယ်။ ဒီလို ကိုယ့်အားနည်းချက်ကို လှောင်ပြောင်တတ်တဲ့သူတွေဟာ တကယ်ကို သူငယ်ချင်းလို့တောင် မပြောသင့်တဲ့လူတွေထဲမှာပါပါတယ်။

ကိုယ်ကတော့ သူငယ်ချင်းလို့သက်မှတ်ပြီး ကိုယ့်အတွင်းရေးကိုပြောပြလိုက်ပေမယ့် တချို့က နောက်ကွယ်မှာ စည်းမစောင့်ဘဲ လျှောက်ဖွတတ်ကြပါသေးတယ်။ ဒီလို နှုတ်မလုံဘဲ နောက်ကျောဓားနဲ့ထိုးတတ်တဲ့ သူတွေကလည်း ဘယ်လိုမှကို သူငယ်ချင်းကောင်း မဖြစ်နိုင်ပါဘူး။

တချို့ရှိပါတယ် ကိုယ်နဲ့တော့အဆင်ပြေသလို ဟန်ဆောင်ပြီး ကိုယ်လုပ်သမျှ အရာရာကိုစောင့်ကြည့်ပြီး လိုက်ပြိုင်တဲ့သူတွေ မြင်ဖူးမှာပါ။ ဒီလို မနာလိုစိတ်နဲ့လိုက်ပြိုင်နေတဲ့သူတွေကလည်း တကယ်ကို Toxic တွေပါပဲ။

အရာရာသူတို့ကဘဲ အနစ်နာခံနေရသလို ပန်းနုသွေးတတ်တဲ့သူတွေ မြင်ဖူးလား ? မသိရင် သူ့ကို ကိုယ်ကဘဲအမြဲအနိုင်ယူသလိုမျိုး ဒရမ်မာခင်းတတ်တဲ့သူတွေရှိရင် ရှောင်နိုင်အောင် ကြိုးစားတာက အကောင်းဆုံးပါ။