သင်က သင့်ဘဝမှာ လူအမျိုးမျိုးနဲ့ ကြုံဖူးမှာပါ။ ဒီလိုလူမျိုးစုံထဲကမှ သင့်ဘဝမှာ ပိုင်ဆိုင်ထားသင့်တဲ့ လူအမျိုးအစားတွေ ရှိပါတယ်။ ဘဝမှာ ပျော်ရွှင်ဖို့ မိတ်ဆွေကောင်းတွေနဲ့ ဝန်းရံထားပါဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ ဒီလူတွေက သင့်မိသားစုဝင်တွေဖြစ်နိုင်သလို သူစိမ်းတွေပါ ပါဝင်နိုင်ပါတယ်။ ဒီတော့ သင့်ဘဝပျော်ရွှင်ဖို့ သင့်အနားမှာ ရှိသင့်တဲ့ လူအမျိုးအစားတွေကို ဖော်ပြပါရစေ။

၁။ အသင့်ရှိမယ့်မိတ်ဆွေ

သင့်ဘဝမှာ အခက်အခဲကြုံလာတဲ့အချိန် အချိန်မရွေး အရောက်လာပေးတဲ့ မိတ်ဆွေတစ်ဦး ရှိထားသင့်ပါတယ်။ သင့်ဘဝရဲ့ အရေးအပါဆုံးလူလို့ ပြောရမှာပါ။ ဘယ်လောက်ပဲ နောက်ကျနေပါစေ အရောက်လာကူညီပေးမယ့် သူမျိုးကို မဖြစ်မနေ လိုအပ်ပါတယ်။

၂။ အားကျရသူ

ဘဝမှာ ပျော်ရွှင်ဖို့ သင်အားကျရတဲ့ Role Model တစ်ဦးလည်း ထားပေးရပါမယ်။ ဒီလူက သင့်အလုပ်က ခေါင်းဆောင်ဖြစ်နိုင်သလို ဆရာဆရာမတွေ၊ နာမည်ကျော်သူတွေ ဖြစ်နိုင်ပါတယ်။ ဒီလူတွေက သင့်အနားမှာ အဆင်သင့် အားမပေးနိုင်ရင်တောင် သင့်ဘဝကို လွှမ်းမိုးမှု ရှိတာမို့ အခက်အခဲ ကြုံတဲ့အချိန် သူတို့က စိတ်ခွန်အားအရ ကူညီပေးနိုင်ပါတယ်။

၃။ ဝေဖန်မှု မရှိတဲ့ နားထောင်သူ

သင်ပြောသမျှကို ဖြတ်မပြောဘဲ ဂရုတစိုက် နားထောင်ပေးတဲ့သူရှိလား။ ဒီလို လူတွေနဲ့ စကားပြောတဲ့အခါ သင့်ခံစားချက်တွေ အားလုံး ပွင့်ဟထွက်လာတတ်ပြီး သူတို့က သင့်စကားဆုံးမှ သင့်ကို အကြံပေး အားပေးတတ်ပါတယ်။ သင်စကားပြောတဲ့အချိန် သူတို့က သေချာ နားထောင်ပြီး ဝေဖန်ကဲ့ရဲ့တာမျိုးလည်း မရှိပါဘူး။

၄။ အကိုကြီးလို အားကိုးရသူ

သမီးရည်းစား ဆက်ဆံရေးမျိုး မဟုတ်တဲ့ သင်အားကိုးရတဲ့ အကိုကြီးလို အားထားနိုင်တဲ့ အမျိုးသား မိတ်ဆွေ တစ်ဦးက သင့်ဘဝမှာ ရှိထားသင့်ပါတယ်။ ဒီလူက Straight ဖြစ်နိုင်သလို Gay လည်း ဖြစ်နိုင်ပါတယ်။ အဓိကက သင့်ဘဝမှာ အားထားနိုင်မယ့်၊ မသိတာတွေကို မေးနိုင်မယ့်လူမျိုးပါ။

၅။ Soul Mate

Soul Mate ဆိုတာက ချစ်သူကို မဆိုလိုပါဘူး။ ဒါက သူငယ်ချင်းလည်း ဖြစ်နိုင်ပါတယ်။ သင်က သင့်ဘဝ အဖော်မွန်ကောင်းတစ်ဦးနဲ့ ရှိတဲ့အချိန် လုံခြုံတယ်လို့ ခံစားရပါတယ်။ သင်က ဘယ်လိုပုံစံဖြစ်နေပါစေ သူတို့က မေတ္တာမပျက်ဘဲ ချစ်ပေးပါတယ်။

၆။ အသိဉာဏ်ပေးနိုင်သူ

ဒီအမျိုးအစားက ရှာရခက်ပါတယ်။ အသိဉာဏ်ပေးနိုင်သူက သင့်သူငယ်ချင်းဖြစ်နိုင်သလို သင့်ဆွေမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်ဘဝအခက်အခဲတွေ ကြုံနေရတဲ့အချိန် သူတို့က အတွေ့အကြုံ၊ ဗဟုသုတတွေကို ပြောပြပြီး လမ်းမှန်ကို ရောက်အောင် ပံ့ပိုးပေးတတ်ပါတယ်။

၇။ အားပေးတတ်သူ

သင့်ဘဝမှာ အခက်အခဲ၊ ပြဿနာတွေ၊ စိတ်ညစ်စရာတွေ ကြုံတဲ့အချိန် သင့်ကို ဘေးကနေ ဖေးမအားပေးနိုင်သူတစ်ဦး လိုအပ်ပါတယ်။ ဒီလူမျိုးနဲ့ စကားပြောပြီးတာနဲ့ သင်က ခွန်အားတွေ ပြန်ပြည့်သွားပြီး သင်လုပ်စရာရှိတာကို ဆက်လုပ်သွားနိုင်တာမျိုးပါ။

၈။ သင့်အလုပ်ကို နားလည်ပေးသူ

ဒီလူအမျိုးအစားက သင်နဲ့ အလုပ်တူတဲ့ သူဖြစ်တာများပါတယ်။ သင့်အလုပ်အသွားအလာကို သိထားပြီး အလုပ်ကိစ္စ တိုင်ပင်နိုင်တဲ့သူ၊ အခက်အခဲ ကြုံလာလည်း အလွယ်တကူ နားလည်ပေးနိုင်တဲ့ မိတ်ဆွေမျိုးကို လိုအပ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar