စာဖတ်သူတို့အားလုံးပဲ မင်္ဂလာပါ။ စစ်မှန်တဲ့မိတ်ဆွေတွေက ကိုယ့်ဘဝကို အဖက်ဖက်က ပံ့ပိုးပေး၊ မြှင့်တင်ပေးနိုင်တယ်ဆိုတာ တော်တော်များများ လက်ခံမိကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဘဝမှာ ကြုံရတဲ့မိတ်ဆွေတိုင်းက ကိုယ့်အပေါ် မကောင်းနိုင်တာမို့ ဒီလိုလူတွေရှိနေမှန်း သတိထားမိတာနဲ့ ကိုယ့်ဘေးကနေ အမြန်ဆုံးရှင်းထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ အခုတစ်ခေါက်မှာ သူငယ်ချင်းအတုအယောင်တွေမှာသာ တွေ့ရတတ်တဲ့ အမူအကျင့်တွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။ ဒီအချက်တွေကိုဖတ်ပြီး သင့်ခေါင်းထဲမှာပေါ်လာတဲ့သူတွေက သင့်အပေါ်မကောင်းတဲ့ မိတ်ဆွေတုတွေ ဖြစ်နေနိုင်ပါတယ်။

သင့်အကြောင်း စိတ်ဝင်စားမှုမရှိဘူး


သူငယ်ချင်းအတုတွေက သင့်ခံစားချက်တွေအကြောင်း သိပ်စိတ်မဝင်စားဘဲ သူတို့ကိစ္စနဲ့သူတို့ အလုပ်ရှုပ်နေသယောင် ဟန်ဆောင်တတ်ကြပါတယ်။ သူတို့က သင်ပြောတာတွေနားထောင်ပြီး မျှဝေခံစားပေးဖို့ အချိန်ပေးလေ့မရှိကြပါဘူး။

လိုအပ်မှ ဆက်သွယ်တတ်တယ်


သူငယ်ချင်းအတုတွေက သူတို့သင့်ကိုလိုအပ်မှ ဆက်သွယ်တာမျိုးလုပ်တတ်ကြပါတယ်နော်။ သင်အကူအညီလိုချိန်ဆိုရင် အဆက်အသွယ်မလုပ်ဘဲ ခေါင်းရှောင်တတ်ကြတာ များပါတယ်။

အခြေအနေအရပဲ Support လုပ်တယ်


မိတ်ဆွေတုတွေက သူတို့အတွက်အကျိုးမရှိရင် သင့်ကိုအဖတ်လုပ်မှာမဟုတ်ပါဘူး။ သင့်ကိုအသုံးချဖို့ ကြိုးစားတတ်ကြတာမို့ သင့်အနေနဲ့ ဒီလိုအခြေအနေတွေကနေ ရှောင်တတ်ဖို့ အရေးကြီးပါတယ်။

အမြဲညည်းညူနေတတ်တယ်


သူငယ်ချင်းအတုအယောင်တွေက သင့်ဆီကို ကောင်းတဲ့ Energy တွေအစား သူတို့ရဲ့ အဆိုးမြင်တဲ့ ဝေဖန်မှုတွေ၊ အဆင်မပြေတဲ့ကိစ္စတွေကိုသာ သယ်လာပြီး အမြဲညည်းတွားနေမှာပါ။ သူတို့နဲ့အချိန်ကုန်ဆုံးမိရင် သင်ပါရောပြီး စိတ်ဓာတ်ကျသွားနိုင်လို့ ဒီလိုလူတွေနဲ့တွေ့ပြီဆိုရင် ဝေးဝေးရှောင်တာအကောင်းဆုံးပါပဲ။

သင်နဲ့အမြဲလိုက်ပြိုင်နေမယ်


သူတို့က သင်အဆင်ပြေပျော်ရွှင်နေတာကို မလိုလားတာမို့ သင့်ရဲ့အောင်မြင်မှုတွေအပေါ် မနာလိုဖြစ်တာ၊ လိုက်ပြိုင်တာတွေ လုပ်တတ်ကြပါတယ်။ ကိုယ်ရဲ့အောင်မြင်မှုအပေါ် ဝေမျှမပျော်ရွှင်ပေးနိုင်တဲ့သူတွေက သင့်ဘဝထဲက အမြန်ဆုံးဖယ်ရှားသင့်တဲ့သူတွေပါ။

သစ္စာဖောက်ဖို့လွယ်တယ်


နောက်ထပ်တစ်ချက်ကတော့ မိတ်ဆွေတုတွေဟာ သင့်ယုံကြည်မှုကို အလေးမထားတာမို့ သင့်အပေါ် သစ္စာဖောက်ဖို့ လွယ်တာပါ။ သူတို့က နောက်ကွယ်မှာ သင့်အကြောင်းမဟုတ်တာတွေ ပြောဖို့လည်း ဝန်မလေးကြပါဘူး။

သင့်အပေါ် အားထုတ်မှုမရှိတတ်ဘူး


မိတ်ဆွေတုတွေဟာ သင်တို့ကြားက ခင်မင်မှုကိုအလေးမထားတာကြောင့် သင်နဲ့တွေ့ရဖို့ကို အချိန်ပေးပြီး အားထုတ်မှာ မဟုတ်ပါဘူး။ အခြားသူတွေကို သင့်ထက်ဦးစားပေးနေတတ်တာကို တွေ့ရပါလိမ့်မယ်။

တစ်ကိုယ်ကောင်းဆန်တယ်


သူငယ်ချင်းအတုတွေဟာ သူတို့ကိုယ်သူတို့ပဲ ပိုဂရုစိုက်ပြီး တစ်ကိုယ်ကောင်းစိတ်ရှိတတ်ကြတာမို့ သင့်ရဲ့ ခံစားချက်တွေကို ထည့်မတွက်တာမျိုး လုပ်တတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar