အားလုံးပဲ မင်္ဂလာပါနော်။ အလုပ်တာဝန်တွေဆိုတာ အနည်းနဲ့အများ စိတ်ဖိစီးစေတာမို့ လုပ်ငန်းခွင်မှာ အမြဲပျော်အောင်နေဖို့က ထင်သလောက်တော့ မလွယ်ပါဘူး။ ဒါကြောင့်မို့ ပိတ်ရက်ကုန်သွားပြီး တစ်ပတ်လုံး အလုပ်ပြန်လုပ်ရတော့မှာကို တွေးလိုက်တာနဲ့ ကြိုပြီး စိတ်ညစ်သွားတာမျိုး တော်တော်များများ ဖြစ်ဖူးကြမှာပါ။ ကိုယ်က အလုပ်မှာ အချိန်များများကုန်ဆုံးရတဲ့သူဆိုရင် အလုပ်ရောက်တိုင်း စိတ်ညစ်မနေအောင် အချို့အရာတွေကို ပြောင်းလဲကြည့်ဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာ တက်ကြွပြီးပျော်စရာကောင်းတဲ့ လုပ်ငန်းခွင်ဖန်တီးနိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှာထားပါ


အလုပ်မှာ ကိုယ်နဲ့စိတ်တူတဲ့ တိုင်ပင်ဖော်မိတ်ဆွေ တစ်ဦးရှိထားတာက သင့်ကိုပိုပြီး သက်တောင့်သက်သာရှိစေမှာပါနော်။ သူနဲ့ အလုပ်အကြောင်း ဆွေးနွေးနိုင်သလို စိတ်ညစ်စရာရှိရင်လည်း ရင်ဖွင့်လို့ရတာမို့ Stress တွေလျှော့ချပြီးသား ဖြစ်စေပါလိမ့်မယ်။

အလုပ်လုပ်တဲ့နေရာကို သန့်ရှင်းအောင်ထားပါ


ကိုယ့်စားပွဲက ရှုပ်နေရင် အလုပ်တွေပုံနေသလို မြင်ရတာမို့ အလုပ်ပြီးဖို့ ပိုခက်ပါတယ်။ ကိုယ်လုပ်ရမယ့်အရာတွေကို ပြီးရမယ့် အချိန်အလိုက် သပ်သပ်ရပ်ရပ် စီထားတာက သင့်ကို ပုံမှန်လေး အလုပ်ပြီးအောင် လုပ်နိုင်ဖို့ Motivation ရစေမှာပါ။

ကိုယ့်စားပွဲကို အလှဆင်ပေးပါ


သင့်အကြိုက် အလှဆင်ထားတဲ့ အလုပ်စားပွဲက ကြည့်လိုက်တာနဲ့ အမောပြေပြီး အလုပ်များများပြီးဖို့ပါ ကူညီပေးနိုင်ပါတယ်နော်။ စိတ်ကြည်လင်ပြီး လေကောင်းလေသန့်ရမယ့် အပင်လေးတွေနဲ့ အလှဆင်တာမျိုး လုပ်ကြည့်ပါ။

ကျန်းမာရေးအညီစားပါ၊ ရေများများသောက်ပါ

ကျန်းမာရေးနဲ့ညီတဲ့ အသီးအရွက်တွေစားတာ၊ ရေများများသောက်ပေးတာက သင့်ကို ခေါင်းကြည်ပြီး Energy ပိုရတာမို့ အလုပ်လုပ်နိုင်စွမ်းပိုကောင်းပါတယ်။

ကိုယ်ပိုင် Goal တွေချထားပါ


ကိုယ်ပိုင် Goal လေးတွေ သတ်မှတ်ပေးတာက သင့်ကိုအလုပ်မပြီးခင် အာရုံလွင့်သွားတာမျိုး မဖြစ်အောင် ကူညီပေးပါတယ်။ သင်လိုချင်တဲ့ ပန်းတိုင်ကိုရောက်တဲ့အခါ ယုံကြည်မှုလည်းတိုးတာမို့ အလုပ်လုပ်ရတာ ပိုပျော်လာမှာပါ။

အားတဲ့ချိန်မှာ လှုပ်လှုပ်ရှားရှားနေပါ


အလုပ်ခုံမှာပဲ အမြဲထိုင်နေရင် ဗိုက်ပူပြီး အဆီတွေစုလာတတ်တာမို့ ပိုပြီးစိတ်ညစ်ရမှာပါ။ ဒါကြောင့်မို့ အားတဲ့အချိန်တွေမှာ မတ်တပ်ရပ်ပြီး အကြောဆန့်ပေးတာ၊ လမ်းနည်းနည်းလျှောက်တာမျိုး မဖြစ်မနေလုပ်ပေးဖို့ လိုပါတယ်နော်။

ကိုယ့်ကိုယ်ကိုယ်ဆုပေးပါ


သင့်အနေနဲ့ အလုပ်ကို အချိန်မှန်ပြီးအောင် လုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုပေးတာမျိုး လုပ်ကြည့်သင့်ပါတယ်နော်။ ဒါက သင့်အတွက် အလုပ်လုပ်ဖို့ Motivation ရတဲ့အပြင် အလုပ်မှာ ပိုပျော်လာဖို့ပါ ကူညီပေးမှာပါ။

အသင်းအဖွဲ့နဲ့လုပ်ကိုင်ပါ


လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုပြီးခင်မင်ရင်းနှီးအောင် အဖွဲ့နဲ့အလုပ်တွေမှာ ပါဝင်ဖို့လည်း မမေ့ပါနဲ့နော်။ တစ်ယောက်ထဲ ခေါင်းစားနေတာထက်စာရင် အဖွဲ့နဲ့လုပ်တဲ့အခါ အတွေးအမြင်သစ်တွေပိုရပြီး အလုပ်ခွင်မှာ ပျော်လာဖို့ ထောက်ပံ့ပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar