အချိန်အတော်ကြာ Single ဘဝနဲ့နေရတာက အားနည်းချက်တစ်ခုမဟုတ်တာကြောင့် ကိုယ့်ကိုကိုယ်စိတ်ပျက် အားလျော့နေဖို့မလိုပါဘူး။ တစ်ခါတစ်လေအထီးကျန်သလိုခံစားရတတ်ပေမယ့် Single ဖြစ်နေခြင်းက ကိုယ့်အတွက်အချိန်ပေးပြီး အာရုံစိုက်နိုင်ဖို့အခွင့်အလမ်းတစ်ခုပါပဲ။ ဒါကြောင့် Single ဘဝမှာ ကိုယ့်ကိုကိုယ် အချိန်ပေးရင်း ပျော်အောင်ထားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ယောက်ထဲလည်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ ပြုလုပ်ပေးရမယ့်အရာတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ ကိုယ့်ကိုကိုယ်ချစ်တတ်အောင် လေ့ကျင့်ပါ

ကိုယ့်ကိုကိုယ်တန်ဖိုးထားတာဟာ အမြဲပျော်ရွှင်နေစေဖို့ အထောက်အကူဖြစ်စေတဲ့အပြင် မိမိကိုယ်ကိုယုံကြည်မှုလည်း ပိုတိုးလာစေပါတယ်။ ဒါကြောင့် ဘယ်အရာမဆို ကိုယ်လုပ်နိုင်တယ်လို့တွေးပါ။ အားနည်းချက်တွေကို ကိုယ်တိုင်လက်ခံပြီး ကိုယ့်ကိုကိုယ်အားပေးဖို့လည်း မမေ့ပါနဲ့။ ကိုယ့်ကိုကိုယ်အမှန်တကယ်ချစ်ပေးမှ အခြားသူတွေဆီကပါအချစ်ခံရမှာဖြစ်ပါတယ်။

၂။ မိသားစုနဲ့အချိန်ပိုဖြုန်းပါ

ကိုယ့်ဘေးမှာ ကိုယ့်အပေါ်အထောက်အပံ့ပေးနိုင်ပြီး ယုံကြည်ရတဲ့မိသားစုဝင်တွေရှိနေခြင်းကလည်း သင့်ကိုပိုပြီးပျော်ရွှင်လာစေမယ့်အထောက်အပံ့တစ်ခုပါပဲ။ ဒါကြောင့် ရည်းစားမရှိလည်း ကိုယ်ချစ်တဲ့ မိသားစုနဲ့အတူအချိန်ဖြုန်းခြင်းနဲ့ သင့်ရဲ့အထီးကျန်တဲ့စိတ်ကိုဖြေဖျောက်နိုင်ပါတယ်။

၃။ သူငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်အောင်နေပါ

မိသားစုအပြင် ကိုယ့်ကိုလုံခြုံမှုပေးနိုင်တဲ့လူတွေက သူငယ်ချင်းကောင်းတွေပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေက မိသားစုကိုရင်ဖွင့်လို့မရတဲ့ အခက်အခဲတွေကိုပါ နားထောင်ဖြေရှင်းပေးနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းကောင်းတွေနဲ့အဆက်အသွယ်မပြတ်အောင်နေပါ။ သူတို့နဲ့အတူ မကြာခဏစကားပြောတာ၊ တွေ့ပြီးလျှောက်သွားတာနဲ့ ခရီးထွက်တာမျိုးတွေပြုလုပ်ခြင်းက သင့်ကိုပိုပြီးလွတ်လပ်ပျော်ရွှင်စေပါလိမ့်မယ်။

၄။ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်စေဖို့ ပြုပြင်ပြောင်းလဲပါ

Single သမားတွေက ရည်းစားအတွက်အချိန်ပေးစရာမလိုတာကြောင့် ကိုယ့်ကိုကိုယ်အာရုံစိုက်ဖို့ အချိန်ပိုရပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ဖို့ ကိုယ့်ကိုကိုယ်အတတ်နိုင်ဆုံး ပြုပြင်ပေးဖို့ မမေ့ပါနဲ့။ ကျန်းမာပျော်ရွှင်တဲ့ Lifestyle အတွက် မျှတအောင်စားပြီး အိပ်ချိန်မှန်အောင်ဂရုစိုက်ပါ။ ကိုယ်ခန္ဓာကျစ်လစ်ပြီး ကြည့်ကောင်းနေစေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။

၅။ အလုပ်အပေါ်အာရုံစိုက်ပါ

ရည်မှန်းချက်တွေ လက်တွေ့ဖြစ်လာခြင်းကလည်း သင့်ကိုပိုပြီးပျော်ရွှင်စေနိုင်မယ့်အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်ထဲမို့စိတ်ညစ်နေမယ့်အစား ကိုယ့်ရဲ့အလုပ်နဲ့ ရည်မှန်းချက်တွေအပေါ် စိတ်နှစ်ပြီး အောင်မြင်အောင်ကြိုးစားသင့်ပါတယ်။

၆။ စိတ်ဝင်စားမှုအသစ်တွေစူးစမ်းရှာဖွေပါ

တစ်ယောက်ထဲနေရတာက အမှီအခိုကင်းတဲ့အတွက် ကိုယ်ဝါသနာပါတဲ့အရာတွေပြုလုပ်ပြီး အချိန်မရွေး အတွေ့အကြုံသစ်တွေ ရှာဖွေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အသစ်အဆန်းတွေရှာဖွေပြီး အချိန်ပေးလေ့လာကြည့်ပါ။ ဒီလိုအရာတွေအပေါ်စိတ်နှစ်ထားတာက သင့်ရဲ့အထီးကျန်တဲ့စိတ်ကို မေ့ပျောက်နိုင်ပါလိမ့်မယ်။

၇။ လွတ်လပ်မှုကိုခံစားကြည့်ပါ

ရည်းစားထားတာက တစ်ခါတစ်လေမှာချုပ်ချယ်ခံရတတ်တာကြောင့် Single ဘဝနဲ့နေတာက ပိုပြီးလွတ်လပ်တယ်လို့ပြောလို့ရပါတယ်။ ကိုယ်ဖြစ်ချင်တာကိုတိုင်ပင်စရာမလိုဘဲ အပူအပင်ကင်းကင်း လုပ်နိုင်တာမို့ Single ဖြစ်နေတုန်းမှာ ကိုယ်လုပ်ချင်တာတွေလုပ်ရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့လည်း အကြံပေးချင်ပါတယ်။

၈။ ဘဝမှာရရှိထားသမျှအရာတွေအပေါ် အကောင်းမြင်စိတ်ထားပြီး အသိအမှတ်ပြုပေးပါ

ဘယ်သူမဆိုဘဝပျော်ရွှင်မှုရရှိဖို့အတွက် အကောင်းမြင်စိတ်ထားဖို့အရေးကြီးပါတယ်။ ဒါကြောင့် အထီးကျန်ဆန်တဲ့ စိတ်ညစ်စရာအတွေးတွေထက် ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေကိုပဲတွေးပြီး ပျော်ပျော်နေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar