ရည်းစားနဲ့လမ်းခွဲပြီးသွားတဲ့အချိန်မှာ နှစ်ဖက်လုံးအဆင်ပြေဖို့၊ ကိုယ်တိုင်လည်း ပိုမခံစားရစေဖို့အတွက် မလုပ်သင့်တဲ့အရာ ၈ ခုကို ဖော်ပြပေးလိုက်ပါတယ်။
မဆက်သွယ်ပါနဲ့
လမ်းခွဲပြီးသွားတဲ့အချိန်မှာ ကိုယ့်ဘက်ကနေ လိုက်ဆက်သွယ်နေရတာက အောက်ကျပါတယ်။ တစ်ဖက်လူက ဥပေက္ခာပြုတဲ့အခါမှာ ကိုယ်ပဲပိုခံစားရမှာပါ။ တစ်ဖက်လူအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေရပါတယ်။ ဒါကြောင့် လမ်းခွဲပြီးပြီဆိုရင် မေ့နိုင်အောင်ကြိုးစားရပါမယ်။
လက်စားမချေပါနဲ့
လမ်းခွဲပြီးသွားရင် သူ့ကိုနာကျင်အောင် ပြန်လုပ်မယ်ဆိုတဲ့စိတ်၊ ငါခံရသလို ပြန်ခံရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ လက်စားချေတာမျိုးတွေ မလုပ်ပါနဲ့။ မြန်မြန် move on လုပ်နိုင်ဖို့၊ ကိုယ်အဆင်ပြေဖို့ကိုပဲ စဉ်းစားပါ။
ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့
လမ်းခွဲပြီးသွားရင် ဝမ်းနည်းလို့၊ ခံစားရလို့ဆိုပြီး အစာစားချင်စိတ်မရှိလို့ မစားမသောက်ပဲနေတာမျိုး၊ ညဘက်တွေလည်း မအိပ်ပဲငိုနေတာမျိုးတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့။ အချိန်ကကုစားပေးသွားမှာဖြစ်လို့ မြန်မြန်အဆင်ပြေအောင် ကြိုးစားပါ။ စိတ်အလိုမလိုက်ပါနဲ့။
အိမ်ထဲမှာပဲမနေပါနဲ့
ရည်းစားနဲ့ပြတ်သွားလို့ အသည်းကွဲနေတယ်ဆိုပြီး ဘယ်မှမသွားပဲ အိမ်ထဲမှာပဲနေပြီး အခန်းအောင်းနေတာမျိုး၊ အိပ်ယာထဲမှာပဲ ခွေခေါက်နေပြီး ပူဆွေးနေတာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုတွေလုပ်ရင် ကိုယ်ပဲပိုခံစားရပြီး ပိုပင်ပန်းပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားပြီး ပျော်ပါးလိုက်ရင် မြန်မြန်အဆင်ပြေသွားမှာပါ။
Social media ပေါ်မတင်ပါနဲ့
ရည်းစားနဲ့လမ်းခွဲပြီးသွားရင် ဖြစ်သမျှအကြောင်း၊ မကျေနပ်သမျှ၊ ခံရသမျှတွေကို social media ပေါ် ဖြစ်ကြောင်းကုန်စင်တင်နေတာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုတင်တာတွေက နှစ်ယောက်လုံးအတွက် မကောင်းပါဘူး။ သူများအတင်းပြောစရာဖြစ်သွားတာပဲ အဖက်တင်ပါတယ်။
အရက်စွဲတာမျိုးမဖြစ်ပါစေနဲ့
ရည်းစားနဲ့ပြတ်သွားလို့ စိတ်ညစ်ညစ်နဲ့ အရက်သောက်ပြီး တစ်ချိန်လုံး ဒီအရက်ပဲသောက်နေတာမျိုး မလုပ်ပါနဲ့။ အရက်စွဲသွားရင် ကိုယ့်အတွက်ပဲမကောင်းတာပါ။ တခြားနည်းနဲ့ စိတ်ဖြေလို့ရတာတွေ အများကြီးရှိပါတယ်။
တစ်ချိန်လုံးတွေးပြီးခံစားမနေပါနဲ့
ဘယ်နေရာရောက်ရောက်၊ ဘယ်လိုပဲနေနေ တစ်ချိန်လုံး ဒီအကြောင်းတွေကိုပဲ ပြန်ပြန်တွေးပြီး ခံစားနေတာမျိုး၊ ဝမ်းနည်းနေတာမျိုး မလုပ်ပါနဲ့။ အတွေးထဲရောက်လာရင်တောင် မြန်မြန်ထုတ်ပစ်နိုင်အောင် စိတ်တည်ငြိမ်စေမယ့်အရာတွေကို လုပ်ကြည့်ပါ။
ဘာမှမလုပ်ပဲမနေပါနဲ့
အသည်းကွဲနေလို့ဆိုပြီး ဘာမှမလုပ်ပဲမနေပါနဲ့။ အလုပ်ပျက်မခံပါနဲ့။ ကိုယ်လုပ်လက်စအရာတွေကို ဆက်လုပ်နေပါ။ အရင်ထက်ပိုလှအောင်၊ ပိုတိုးတက်လာအောင်နေပါ။ ကိုယ့်ကိုယ်ကိုပိုချစ်ပြီး ပိုဂရုစိုက်ပေးပါ။ ဘာမှမလုပ်ပဲနေရင် လျှောက်တွေးနေမိမှာဖြစ်လို့ ပိုခံစားရပါလိမ့်မယ်။