ကျွန်မတို့ဟာ အချိန်အများစုမှာ အလုပ်ထွက်တော့မယ်လို့ ငြီးတတ်ကြပေမယ့် တချို့လူတွေကတော့ တကယ်ကို မဖြစ်မနေ ထွက်သင့်တဲ့ အခြေအနေထဲ ဝင်နေတတ်ပါတယ်။ သင်က အောက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ အလုပ်ပြောင်းသင့်ပြီလို့ ပြသနေတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သင်က ဒီအချက်တွေနဲ့ တိုက်ဆိုင်နေပြီလား ဆက်ကြည့်လိုက်ပါနော်။

၁။ အမြဲ သောကပင်လယ်ဝေနေတယ်

သင်က အလုပ်မှာ အမြဲပင်ပန်းနေတတ်ပြီး စိတ်ထွက်ပေါက်အနေနဲ့ မိသားစုကို အော်ဟစ် ဆူပူတတ်ပါတယ်။ အလုပ်မှာ စိတ်ဖိစီးမှု များသလို အိမ်ရောက်ရင်လည်း အလုပ်တွေ မပြီးပြတ်ဘဲ စိတ်ဖိစီးနေတတ်ပါတယ်။ သင်က အလုပ်ခွင်မှာမက အိမ်မှာပါ အလုပ်နဲ့ ပတ်သက်ပြီး ဖိအားတွေ များနေပြီဆိုရင် ပြန်စဉ်းစားသင့်နေပါပြီ။

၂။ မနက်ဆို အလုပ်မသွားချင်ဘူး

သင်က မနက်ဆိုရင် အလုပ်သွားရမယ့် ကိစ္စကို တစ်ကယ့် ဒုက္ခကြီးတစ်ခုလို တွေးတတ်ပါတယ်။ ဒါက အမြဲတမ်း ဖြစ်နေရင် အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါပြီ။ အလုပ်ကို သဘောကျသူ တစ်ဦးအနေနဲ့ အလုပ်သွားရမယ့် မနက်ပိုင်းကိုတော့ စိတ်သောက မဖြစ်သင့်ပါဘူး။

၃။ ကိုယ်လုပ်သလောက် ပြန်မရလာဘူး

သင့်ဘက်က ဘယ်လောက်ထိ အပင်ပန်းခံပြီး လုပ်ပေးပါစေ သူဌေးဆီက ကျေးဇူးတင်ကြောင်း Appreciate လုပ်မခံရပါဘူး။ ကျေးဇူးတင်တယ်ဆိုတဲ့ စကားက အဝေးဆုံးမှာ ဖြစ်နေတတ်ပါတယ်။ ကိုယ်ကြိုးစားသလောက် အရာမထင်တဲ့ အလုပ်ခွင်တစ်ခုမှာ ပြန်စဉ်းစားသင့်နေပါပြီ။

၄။ လမ်းဆုံးရောက်နေပြီ

သင့်ဆီမှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး ထပ်ရနိုင်မယ့် ပညာတွေ၊ ရာထူးတွေ မရှိတော့ပါဘူး။ လမ်းဆုံး ရောက်နေပြီလို့ သင်က ခံစားနေရတတ်ပါတယ်။ ဘာအခွင့်အလမ်းမှ မရှိသလို သင်က ဘာမှ မသင်ယူနိုင်ဘူးဆိုရင်တော့ ဒီအလုပ်ခွင်ကနေ ပြောင်းလဲကာ တခြား အခွင့်အရေးပိုပေးတဲ့ သင်ယူစရာများတဲ့ အလုပ်ခွင်ကို ပြောင်းသင့်ပါတယ်။

၅။ ကတိစကားတွေ တစ်ခုမှ မတည်ဘူး

တစ်နှစ်ပြည့်ရင် လစာတိုးမယ်ဆိုတဲ့ စကားက တကယ် တစ်နှစ်ပြည့်တဲ့အချိန်မှာ ဖြစ်မလာတော့ပါဘူး။ အလုပ်ခွင်မှာ ကတိစကား မတည်တဲ့ သူတွေနဲ့ အလုပ်လုပ်ရတာ သင့်အတွက် အလကားပါပဲ။ ဒါကြောင့် သင့်အပေါ် မျှော်လင့်ချက်တွေ ပေးပြီး တစ်ကယ် ကတိမတည်နိုင်တဲ့ အလုပ်ခွင်မှာ ဆက်မနေသင့်ပါဘူး။

၆။ ဒရာမာများတယ်

သင့်အလုပ်ခွင်က အလုပ်သမား အများစုက အချင်းချင်း ကွယ်ရာမှာ အတင်းအဖျင်း ပြောလေ့ရှိပါတယ်။ ရှေ့မှာ တစ်မျိုး၊ ကွယ်ရာမှာ တစ်မျိုး ဖြစ်တဲ့သူများကာ ဒရာမာတွေ များတယ်ဆိုရင် သင့်အတွက် ဒီအလုပ်ခွင်က အဆိပ်အတောက်ပါပဲ။

၇။ သင့်စိတ်ထဲ သိနေတယ်

ဒီအလုပ်က သင့်အတွက် အဆင်မပြေဘူးဆိုတာကို သင်က အလိုလို သိနေတတ်ပါတယ်။ ဒီလို မသိစိတ်က သိနေတာက တစ်ခါတလေ မှန်တတ်ပါတယ်။ လုပ်ရင်းနဲ့ ဘယ်လိုမှ မကိုက်ညီကြောင်း သိလာရင် သင့်အတွက် စဉ်းစားသင့်တဲ့ အချိန်ပါပဲ။

၈။ အလုပ်ထုတ်ခံရမှာ ကြောက်နေရတယ်

သူဌေးက စိတ်အခြေအနေ အမျိုးမျိုး ပြောင်းလဲနေတာကြောင့် ဘယ်လက လစာ နောက်ဆုံးရတဲ့ လလဲ တွေးပူနေရတယ်ဆိုရင်တော့ သင့်အတွက် ဒီအလုပ်ကနေ နားသင့်တဲ့ အခြေအနေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar