ပိုက်ဆံစုနည်းတွေ အများအပြားရှိပါတယ်။ ဈေးသက်သာတဲ့အချိန်မှ ဝယ်တာ၊ အပျော်အပါး လျှော့တာ စသဖြင့် ကုန်ကျစရိတ်ကို လျှော့တတ်ကြပါတယ်။ ဒီလိုပဲ ကျွန်မတို့ရဲ့ ပုံမှန်လုပ်နေကျ အလေ့အကျင့်တွေကို ပြောင်းလဲကာ ငွေစုမိမယ့်အပြင် အချိန်ပိုတွေပါ ထွက်စေမယ့် နည်းလမ်းတွေ ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ ဒီနည်းလမ်းတွေကို ပြောပြမှာပါ။ ဒီနည်းလမ်းတွေကို လိုက်နာရင် သင့်ဘဝမှာ သင့်ကိုယ်သင် ယုံကြည်ချက် ရှိစေမယ့်အပြင် ပိုက်ဆံပါ ပိုစုမိပါလိမ့်မယ်။

၁။ ရှော့ပင်းမထွက်ခင် ကော်ဖီမသောက်ပါနဲ့

လေ့လာမှုတွေအရ ကဖင်းဓာတ်က ကိုယ်သုံးမယ့် ပမာဏနဲ့ ကိုယ်ဝယ်မယ့် ပစ္စည်းအရေအတွက်ကို သက်ရောက်မှု ရှိတယ်လို့ ဆိုထားပါတယ်။ စမ်းသပ်မှုမှာတော့ ကော်ဖီတစ်ခွက်သောက်တဲ့ သူတွေက ရေသောက်သူတွေထက် ၅၀ ရာခိုင်နှုန်း ငွေပိုသုံးပြီး ပစ္စည်းဝယ်တာ ၃၀ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ ကဖင်းဓာတ်က Dopamine ကို ထုတ်ပေးတာမို့ စိတ်လှုပ်ရှားကာ ပိုက်ဆံပိုသုံးမိစေပါတယ်။

၂။ စားပြီးတာနဲ့ ရှော့ပင်းထွက်ပါ

ဒီနည်းလမ်းကတော့ ရှင်းပါတယ်။ သင်က ဗိုက်ဆာနေမယ်ဆိုရင် ဈေးဝယ်တဲ့အခါ သင့်မျက်လုံးထဲ မြင်သမျှက စားချင်စရာတွေပဲ ဖြစ်နေပါလိမ့်မယ်။ အစားအသောက် ပိုဝယ်မိတာမျိုး မဖြစ်အောင် တစ်ခုခု စားပြီးမှ အမြဲဝယ်သင့်ပါတယ်။

၃။ ပိုက်ဆံနည်းနည်းဆီကို ဖွက်ထားပါ

မျက်လုံးထဲ မမြင်ရရင် မေ့နေတတ်ပါတယ်။ သင့်ပိုက်ဆံကို စာအိတ်တစ်ခုထဲ ထည့်ထားတဲ့အခါ၊ တစ်နေရာရာမှာ ဝှက်ထားတဲ့အခါ ဒီပိုက်ဆံကို မတွေးမိစေတော့ပါဘူး။ တဖြည်းဖြည်း ဒီဝှက်ထားတာထဲ ပိုက်ဆံတွေ ထပ်ထည့်သင့်ပါတယ်။

၄။ ဈေးဝယ်ထွက်တဲ့အချိန် ငွေသားကို သုံးပါ

ကတ်နဲ့ ရှင်းတဲ့အခါ ငွေကို သင်မကိုင်ရတာမို့ ပိုသုံးမိစေပါတယ်။ ငွေသားဆိုရင်တော့ သင်က သုံးဖို့ နှမြောပါလိမ့်မယ်။ ဒါ့အပြင် ပိုက်ဆံကုန်တာကို မျက်လုံးထဲ မြင်နေရတာမို့ သုံးဖို့ တွန့်တိုလာပါလိမ့်မယ်။

၅။ သုံးမယ့် ရက်တစ်ရက်သတ်မှတ်ပါ

ဒီလို ရက်သတ်မှတ်လိုက်တဲ့အခါ သင့်အတွက် အထိန်းအကွပ်ဖြစ်စေပါတယ်။ ဒါပေမဲ့ ဝယ်မယ်လို့ သတ်မှတ်ထားတဲ့ရက်မှာ အလွန်အကျွံ မသုံးမိဖို့တော့ လိုပါမယ်။ ဒီအလေ့အကျင့်က အနာဂတ်မှာ ပိုက်ဆံပိုစုမိဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

၆။ ဗိုက်ပြည့်နေဖို့ ရေများများသောက်ပါ

စားနေတဲ့အချိန်၊ စားပြီးနောက် ရေသောက်ပေးတာက သင့်ကို ဗိုက်ပြည့်သွားစေပါတယ်။ သင်က အစားအသောက်ပေါ်မှာ ပိုက်ဆံမဖြုန်းချင်ရင် ရေများများ သောက်တဲ့အကျင့်ကို မွေးသင့်ပါတယ်။ ရေသောက်ပြီး အစားလျှော့တာက ဝိတ်ကျစေတဲ့အပြင် ငွေကုန်ကြေးကျ သက်သာစေပါတယ်။

၇။ အစားအသောက်မှာစားတာ ဘယ်လောက်ကုန်သွားပြီလဲ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

သင် လိုင်းပေါ်ကနေ မုန့်ဘယ်လောက်မှာစားပြီးပြီးလဲ သိနိုင်ဖို့အတွက် သင်မြင်နေရတဲ့ နေရာမှာ စတစ်ကာတွေနဲ့ ဘယ်လောက်ကုန်သွားကြောင်း ကပ်သင့်ပါတယ်။ သင်ဒါကို အမြဲ မြင်နေတဲ့အခါ ပိုက်ဆံထပ်သုံးဖို့ တွန့်ဆုတ်လာပါလိမ့်မယ်။

၈။ ရေခဲသေတ္တာထဲရှိတာ အကုန်သုံးပါ

သင်က စားစရာ ထပ်မဝယ်ခင် သင့်ရေခဲသေတ္တာထဲ ဘာကျန်သေးလဲ အရင် စစ်ဆေးသင့်ပါတယ်။ ရေခဲသေတ္တာထဲက စားစရာတွေ အကုန်ကုန်မှ အသစ်ထပ်ဝယ်သင့်ပါတယ်။

Source: Brightside

By MyStyle Myanmar