Romantic ဆန်တဲ့ Skill တွေကို သင်ယူထားတာက ချစ်သူရဲ့ အထင်ကြီးတာ ခံရနိုင်သလို ချစ်သူ ပျော်ရွှင်တာကိုလည်း မြင်ရနိုင်ပါတယ်။ သင်က ချစ်ရသူအတွက် ပြီးပြည့်စုံတဲ့ လက်တွဲဖော်ဖြစ်ချင်ရင်၊ သူက သင့်ကို ရထားတာ ကံကောင်းတယ်လို့ မြင်စေချင်ရင် ဒီပညာရပ်တွေကို တတ်မြောက်ထားသင့်ပါတယ်။

၁။ နှိပ်နယ်ခြင်း

ချစ်ရသူ အလုပ်က ပြန်လာတဲ့အချိန် အနှိပ်ခံရမယ်ဆိုရင် တစ်ကိုယ်လုံး ပေါ့ပါးသွားနိုင်ပါတယ်။ သင့်အနေနဲ့ ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီပညာရပ်ကို တတ်ထားသင့်ပါတယ်။

၂။ ကခုန်ခြင်း

ချစ်သူရှေ့မှာ ကပြ ဖျော်ဖြေနိုင်ခြင်းကလည်း စိတ်ကူးယဉ်ဆန်တဲ့ ပညာရပ်တစ်ခုပါပဲ။ ဒါမှမဟုတ် အတူတူ ကနိုင်ပြီး သင်က ချစ်ရသူကို ဦးဆောင်နိုင်ပါတယ်။

၃။ လက်ဆောင်ရွေးတတ်ခြင်း

ချစ်သူအတွက် လက်ဆောင် စဉ်းစားတတ်ခြင်းက လိုအပ်တဲ့ ကျွမ်းကျင်မှု တစ်ခုပါ။ သင်က လက်ဆောင် အိုင်ဒီယာတွေကို လိုက်လေ့လာထားသင့်ပါတယ်။

၄။ တူရိယာ တီးတတ်တာ

သူ့အတွက် ရည်ရွယ်ပြီး တီးခတ်ထားတဲ့ သင့်ရဲ့ သီချင်းလက်ဆောင်က တန်ဖိုးမဖြတ်နိုင်တဲ့ အရာ ဖြစ်မှာပါ။ တူရိယာ သင်ရတာက အချိန်ယူရပေမယ့် ချစ်သူအတွက်ဆိုရင် သင်ရကျိုးနပ်တဲ့ ပညာရပ်ပါ။

၅။ သီချင်းဆိုတာ

သင်က အသံအနေအထားကျကျ သီချင်းမဆိုတတ်ရင်တောင် သီချင်းဆိုတတ်ဖို့ သင်ယူထားသင့်ပါတယ်။ သူ စိတ်ညစ်နေတဲ့အချိန် သင်က ဘေးက သီချင်းဆိုပြရင်း သူ့ကို ပြန်ပျော်လာအောင် ဖန်တီးနိုင်ပါတယ်။

၆။ ချက်ပြုတ်တတ်ခြင်း

သင်က သူ့အတွက် စားဖိုမှူး အထိ ဖြစ်စရာ မလိုပါဘူး။ သူကြိုက်လောက်မယ့် ဟင်းတွေကို သင်က လိုက်ပြီး သင်ယူရုံပါပဲ။

၇။ ဘဝကို ပျော်ပျော်နေတတ်ဖို့

တချို့တွေဆိုရင် အမြဲ အဆိုးမြင်စိတ် များနေတတ်ပါတယ်။ သင်က ဒီထဲ မပါသင့်ဘဲ သင့်ချစ်သူနဲ့ အတူတူရှိရင် အရာရာ အဆင်ပြေသွားမယ်ဆိုတဲ့ စိတ်မျိုး မွေးတတ်ဖို့ လိုပါမယ်။

၈။ ဘာသာစကား အသစ်

 

သူ့ကို ဘယ်လောက်ထိ ချစ်ကြောင်း၊ တန်ဖိုးထားကြောင်းတွေကို သင်က တခြားဘာသာစကားတွေနဲ့ တစ်ခွန်းစ နှစ်ခွန်းစ ပြောနိုင်ပါတယ်။ ပြောပြီးရင် ဘာသာပြန်ပြဖို့တော့ လိုပါတယ်။ ဒီလိုဆိုရင် သင့်ရဲ့ ချစ်သူက သဘောကျသွားပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar