မင်္ဂလာပါ ပျိုမေတို့ရေ။ လက်ကိုင်အိတ်လှလှလေးတွေက ကိုယ့်ရဲ့ဖက်ရှင်ကို တစ်ဆင့်မြှင့်ပေးနိုင်တဲ့အပြင် လိုတဲ့ပစ္စည်းတွေ ထည့်ဖို့အတွက်လည်း အသုံးတည့်တာမို့ မိန်းကလေးတိုင်းအတွက် မရှိမဖြစ်ပါပဲ။ ကိုယ်ဝတ်ထားတဲ့ Outfit နဲ့လိုက်တဲ့ အိတ်တစ်လုံးက သင့်ကိုထင်ပေါ်ပြီး စတိုင်ကျစေတာမို့ အိတ်အသစ်လွယ်ထားတဲ့အချိန်က ဓာတ်ပုံလှလှလေးတွေရိုက်ဖို့ အချိန်ကောင်းပါပဲ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အိတ်အသစ်လေးနဲ့ ဓာတ်ပုံရိုက်တဲ့အခါ အထာကျပြီး ပေါ်လွင်နေစေမယ့် Pose ပေးနည်း Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီတော့ ရိုက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

၁။ ပထမဆုံး အိတ်ကို ခြေထောက်ရှေ့နားချကာ လက်နှစ်ဖက်နဲ့ စုကိုင်ထားပါ။ ခြေထောက်တစ်ဖက် မြှောက်ပြီး ခေါင်းလေးတစ်ဖက်လှည့်ကာ ပြုံးရင်း ရိုက်ကြည့်ပါနော်။ ချစ်စရာကောင်းတဲ့ Snap ပုံလေးရလာပါလိမ့်မယ်။

၂။ ကင်မရာကိုမကြည့်ဘဲ အိတ်ကလေးလွှဲပြီး လမ်းလျှောက်ကြည့်လိုက်ပါ။ Pose ပေးနေသလိုမထင်ရဘဲ မော်ဒယ်လေးလို အထာကျစေမယ့် ရိုက်နည်းဖြစ်ပါတယ်။

၃။ နူးနူးညံ့ညံ့နဲ့ မိန်းကလေးဆန်တဲ့ ဓာတ်ပုံလေးအတွက် ပုံထဲကလို နံရံမှာ လက်လေးတစ်ဖက်ထောက်ပြီး အိတ်ကို နောက်လက်တစ်ဖက်နဲ့ တံတောင်ကြားချိတ်ကာ အပေါ်မြှောက်လိုက်ပါ။ လက်ဖဝါးကို ရင်ဘက်ပေါ်တင်ကာ ခြေထောက်တစ်ချောင်းကိုပါ နောက်ပစ်ပြီး မြှောက်ထားလိုက်ရုံပါပဲ။ ချစ်စရာကောင်းသလို ခေတ်ဆန်တဲ့ Pose လေးမို့ ပုံထွက်လုံးဝလှနေမှာပါ။


၄။ အိတ်လှလှလေး ကြွားချင်ပေမယ့် မျက်နှာမပြချင်ဘူးဆိုရင် တစ်ဖက်လှည့်ပြီး အိတ်လွယ်ထားတဲ့ Pose လေးပေးကြည့်ပါနော်။ အလင်းကောင်းတဲ့ နေရောင်အောက်မှာရိုက်ရင် ပိုလှပါတယ်။


၅။ လွယ်ကြိုးရှည်တဲ့အိတ်လေးတွေနဲ့ဆိုရင် ကိုင်ပြီး ပုခုံးပေါ်လွယ်တော့မယ့် Pose လေးလုပ်ကြည့်ပါ။ ဒီလိုလွယ်နေတဲ့ပုံစံအတိုင်း အဝေးကနေ Snap လှမ်းရိုက်တာနဲ့ အလန်းစား ဓာတ်ပုံလေး ရလာပါလိမ့်မယ်။


၆။ အိတ်လှလှလေးပေါ်ဖို့ အမြဲကိုင်ပြီး ရိုက်စရာမလိုပါဘူးနော်။ ခြေထောက်ချိတ်ကာ ခပ်စောင်းစောင်းလေးထိုင်ရင်း အိတ်ကို ကင်မရာရှေ့လှည့်ပြီး တင်ထားရုံနဲ့ တည်ငြိမ်ပြီး အထာကျတဲ့ ဓာတ်ပုံလေးရစေမှာပါ။


၇။ ခန္ဓာကိုယ်တစ်ဖက်လှည့်ကာ အိတ်ကို ရှေ့ထုတ်ပြီး ဘေးက လှမ်းရိုက်တဲ့ Pose လေးလုပ်ကြည့်ပါနော်။ အိတ်ကိုင်ထားတဲ့လက်ကို နောက်လွှဲပြီး ကင်မရာဘက်ကို မျက်မှာမူကာ ပြုံးပြုံးလေး နေလိုက်ပါ။ သဘာဝဆန်တဲ့ ချစ်စရာ ဓာတ်ပုံလေးကို ရရှိစေမှာပါ။


၈။ ထိုင်ပြီးရိုက်တဲ့အခါ လက်တွေပေါင်ပေါ်တင်ပြီး တစ်ဖက်မေးထောက်ကာ အခြားလက်တစ်ဖက်က အိတ်လွယ်ထားပေးပါနော်။ ကင်မရာရှေ့ရောက်တဲ့ တစ်ဖက်မှာလွယ်ထားဖို့တော့ လိုပါတယ်။ မေးထောက်ပြီး ကင်မရာတည့်တည့်ကြည့်ကာ ရိုက်လိုက်ရုံနဲ့ အထာကျတဲ့ ဓာတ်ပုံလှလှလေး ရစေမှာပါ။

Photo Source: preview.ph

By MyStyle Myanmar