မင်္ဂလာပါ ပျိုမေတို့ရေ။ ကိုယ့်ရဲ့အသားအရေလေးကို ရှိရင်းစွဲထက်ပိုဖြူလာချင်တဲ့သူတွေအတွက် အသားဖြူဆေးတွေ၊ Collagen အကူအညီတွေ မလိုဘဲ သဘာဝအတိုင်း လုပ်နိုင်မယ့်နည်းလမ်းအချို့ကို မျှဝေပေးလိုက်ပါတယ်နော်။ လတ်တလောမှာ နေဒဏ်၊ လေဒဏ်နဲ့ ဖုန်တွေအထိများလို့ အသားအရောင်မညီဘဲ မွဲလာသလို ခံစားရတဲ့သူတွေအတွက်လည်း အသားလေးကြည်ပြီး ပြန်ဖြူလာအောင် ကိုယ်တိုင်လုပ်နိုင်မယ့်နည်းတွေဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

၁။ အိပ်ရေး၀၀အိပ်ဖို့ မမေ့ပါနဲ့


အိပ်ရေးမဝရင် မျက်နှာကမလန်းဘဲ အသက်ကြီးပုံပေါက်ပြီး မျက်ကွင်းတွေညိုကာ အသားအရေကလည်း စိုစိုပြေပြေမရှိပါဘူး။ တစ်နေ့မှာ ၇ နာရီကနေ ၉ နာရီကြားအိပ်ချိန်ရှိအောင် ထားပေးပါ။ အိပ်နေတဲ့အချိန်မှာ အရေပြားက သွေးလည်ပတ်မှုကောင်းနေတတ်တာမို့ နောက်တစ်နေ့မနက်မှာ အိပ်ရေး၀၀နဲ့ မျက်နှာလေးကြည်လင်ပြီး နိုးထနိုင်မှာပါ။

၂။ ရေလုံလောက်အောင် သောက်ပေးပါ


အကုန်အကျအနည်းဆုံးနဲ့ အသားအရေကောင်းဖို့ အဓိကကျတဲ့အရာကတော့ တစ်နေ့တာအတွက် လိုအပ်တဲ့ ရေကို လုံလောက်အောင်သောက်တာပါ။ ရေများများသောက်ပေးတာက ခန္ဓာကိုယ်တွင်းက အပူနဲ့ အဆိပ်အတောက်တွေပြယ်စေတာမို့ အသားအရေကြည်ကာ ဖြူလာဖို့ ထောက်ပံ့ပေးမှာပါ။

၃။ Sunscreen ပုံမှန်လိမ်းတဲ့အကျင့်လုပ်ပေးပါ


အိမ်ထဲမှာပဲနေနေ၊ အပြင်ပဲထွက်ထွက် Sunscreen ပုံမှန်လိမ်းထားဖို့လိုပါတယ်နော်။ ကိုယ့် Skin Type နဲ့အဆင်ပြေတဲ့ Sunscreen မျိုးကို မနက်ပိုင်းတွေမှာ လေးနာရီခြား တစ်ခါလောက်စီလိမ်းပေးပါ။ နေရောင်ခြည်ကလာတဲ့ UV Rays တွေ နေရာတိုင်းရှိနေတတ်တာမို့ Sunscreen နေ့တိုင်းလိမ်းပေးတာက UV နဲ့မထိအောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

၄။ Moisturizer တစ်မျိုးနဲ့ အသားအရေအစိုဓာတ်ပေးပါ


အသားအရေလေးကြည်ပြီး ဖြူလာဖို့အတွက် အစိုဓာတ်က မရှိမဖြစ်ပါပဲ။ ဒါကြောင့်မို့ ကိုယ့်အသားအရေနဲ့အဆင်ပြေတဲ့ Moisturizer တစ်မျိုးကို ရေချိုးပြီးတဲ့အခါတိုင်း မနက်၊ ညပုံမှန်လိမ်းပေးပါ။

၅။ မျက်နှာကို နှိပ်နယ်ပေးပါ


မျက်နှာလေး ဖြူလာဖို့အတွက် သံလွင်ဆီနဲ့ ပျားရည်တို့ရောပြီး မျက်နှာမှာ နှိပ်နယ်ကာ လိမ်းတာမျိုး လုပ်နိုင်ပါတယ်နော်။ သံလွင်ဆီ နှစ်ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းခန့်နဲ့ရောကာ မိနစ်အနည်းငယ်လောက် မျက်နှာမှာနှိပ်နယ်ပြီး လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက်ထားပြီးနောက် ရေနွေးလေးနဲ့ ပြန်သန့်စင်ပေးရပါမယ်။

၆။ နှင်းဆီရည်ကို အအေးခံပြီးသုံးပါ


နှင်းဆီရည်မှာ အရေပြားနီမြန်းတာ၊ ရောင်ရမ်းတာတွေသက်သာစေတဲ့ အာနိသင်ပါဝင်တာကြောင့် အသားအရောင်ပြန်ညှိပေးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ အအေးခံထားတဲ့ နှင်းဆီရည်အနည်းငယ်ကို Spray ဗူးထဲထည့်ကာ ဖြန်းပြီးသုံးတာမျိုး လုပ်ကြည့်ပါ။ Spray ဖြစ်တာမို့ အချိန်မရွေးသုံးဖို့ လွယ်ကူစေမှာပါ။

၇။ နှစ်ပတ်တစ်ခါ Exfoliate လုပ်ပေးပါ

Exfoliate လုပ်ပြီး မျက်နှာချေးချွတ်ပေးတာကလည်း ချွေးပေါက်ထဲက ဆဲလ်သေတွေသန့်စင်ပေးပြီး အသားအရည် ကြည်လင်လာစေမှာပါနော်။

၈။ မျက်နှာအတွက် သဘာဝပေါင်းတင်နည်း


သဘာဝနည်းတွေနဲ့ ပေါင်းတင်ပေးတာကလည်း တကယ်တမ်းထိရောက်ပြီး အသားဝင်းစေပါတယ်နော်။ ဥပမာအနေနဲ့ ကြိတ်ပြီးသား ဌက်ပျောသီးနှစ်ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းနဲ့ရောကာ မည်းနေတဲ့နေရာတွေမှာ နှိပ်နယ်ပြီး လိမ်းပေးတာမျိုး လုပ်ကြည့်ပါ။ မိနစ်အနည်းငယ်ထားပြီး ရေနွေးနွေးနဲ့စိမ်ထားတဲ့ အဝတ်သန့်နဲ့ မျက်နှာကို ပြန်သန့်စင်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar