အသက်ကြီးမှ ငယ်စဉ်က ဒါတွေ သိခဲ့ရမှာ၊ လုပ်ခဲ့ရမှာ ဆိုပြီး နောင်တ ရနေတဲ့ သက်လတ်ပိုင်း အရွယ်တွေ အများအပြား ရှိပါတယ်။ လူငယ်အရွယ် ရှိနေခိုက်မှာ ကြိုသိထားသင့်တဲ့ အရာတွေ ရှိပါတယ်။ လူငယ်ဘဝက ပျော်ရွှင်မှု၊ စိတ်ဓာတ်ကျမှု၊ ဝမ်းနည်းမှုတွေနဲ့ ရောထွေးနေတတ်ပါတယ်။ ဒီထဲမှာတော့ လူငယ်တွေ သိထားသင့်တဲ့ ဘဝအကြံပေးချက်တွေကို ဖော်ပြထားပါတယ်။

၁။ အလုပ်ကြိုးစားပါ

ရှေ့မှာ အချိန်တွေ အများကြီး ကျန်သေးတယ်ဆိုပြီး ဘာမှမလုပ်ဘဲ နေတဲ့ လူငယ်တွေ၊ သူများအကြောင်းပဲ လိုက်ကြည့်ကာ အတင်းတုတ်ရင်း အချိန်ကုန်နေတဲ့ လူငယ်တွေ အများအပြား ရှိပါတယ်။ သင်က ဒီလို လူငယ်ပုံစံတွေထဲ မပါဘဲ ကိုယ်လုပ်စရာ၊ ကြိုးစားစရာ ရှိတာတွေကို အာရုံစိုက်ကာ အလုပ်ကြိုးစားသင့်ပါတယ်။ သင့်ကြိုးစားမှုက အရွယ်တစ်ခု ရောက်တဲ့အချိန် ကြီးမားစွာ အကျိုးပြုပါလိမ့်မယ်။

၂။ ကိုယ့်ခန္ဓာကိုယ်ကို ချစ်ပါ

လူငယ်အရွယ်မှာ ကိုယ့်လက်ရှိ ခန္ဓာကိုယ်ကို သဘောမကျတာတွေ ရှိမှာပါ။ ဒါပေမဲ့ ဝိတ်ချဖို့ လွယ်ကူနေဆဲ ဖြစ်တဲ့၊ ကျန်းမာနေတဲ့ သင့်ခန္ဓာကိုယ်ကို ဂရုမစိုက်တာမျိုး မလုပ်သင့်ပါဘူး။ ကျန်းမာအောင် လှုပ်လှုပ်ရှားရှားနေပေးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ များများစားပေးတာတွေ လုပ်သင့်ပြီး ကိုယ့်ခန္ဓာကိုယ်ကို လက်ခံသင့်ပါတယ်။

၃။ ကိုယ်မကြိုက်တာ လုပ်ခိုင်းတဲ့ လက်တွဲဖော်အတွက် မငိုပါနဲ့

လူငယ်ဘဝမှာ ချစ်ရတာက ရင်ခုန်ဖို့ ကောင်းသလို အချစ်အတွက် အရာရာ ပေးဆပ်ရဲကြပါတယ်။ အချစ်ကို ကိုးကွယ်ကြတဲ့ အရွယ်ပီပီ ကိုယ်မကြိုက်တာ လုပ်ခိုင်းတဲ့ Wrong Person အတွက်လည်း လုပ်ပေးချင်ကြပါတယ်။ လူငယ်တွေအနေနဲ့ ကိုယ် သဘောမကျတဲ့ အရာ၊ ကိုယ့်ပုံစံ မဟုတ်တဲ့ အရာကို လုပ်ခိုင်းတဲ့ ရည်းစားနဲ့ ပြတ်ရင် ငိုစရာ အကြောင်းမရှိပါဘူး။

၄။ သေးသေးလေးတွေနဲ့ စိတ်မညစ်ပါနဲ့

ငယ်စဉ်က အရေးကြီးတယ် ထင်ရတဲ့ ပြဿနာတွေ၊ ကိစ္စတွေက အသက်ကြီးလာလို့ ပြန်ကြည့်လိုက်ရင် ဘာမှမဟုတ်တာကို သိလာပါလိမ့်မယ်။ ဘာမဟုတ်တဲ့ ကိစ္စတွေအတွက် စိတ်ညစ်နေတာ၊ သောကများတာတွေ ရှောင်သင့်ပါတယ်။

၅။ ကြာမယ်ဆိုတဲ့ အတွေးနဲ့ မစတင်တာမျိုး မလုပ်ပါနဲ့

တစ်ခုခု စလုပ်မယ်၊ စသင်မယ်ဆိုရင် အချိန်ပေးရပါတယ်။ အချိန်အများကြီး ကြာမှာမို့ မလုပ်ချင်ဘူးဆိုတဲ့ စိတ်ကို မထားသင့်ပါဘူး။ အချိန်တွေက ကိုယ်မသိလိုက်ဘဲ ကုန်သွားပါလိမ့်မယ်။

၆။ ကိုယ့်ပုံစံနဲ့ ကိုယ်နေတတ်အောင် ကြိုးစားပါ

အသက်ငယ်တဲ့အချိန် သူများ သဘောကျဖို့ကို ပိုလိုချင်ကြတာ ထုံးစံပါပဲ။ လူကြိုက်များဖို့ ကိုယ် မဟုတ်တဲ့ ပုံစံကို အတင်းလိုက်ပြောင်းနေလို့ သင်ပျော်ရွင်ရမှာ မဟုတ်ပါဘူး။

၇။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ သင်ယူပါ

ဘယ်အရာမဆို လုပ်နိုင်တယ် ဆိုတဲ့ စိတ်မျိုး၊ ယုံကြည်မှုမျိုး ရှိသင့်ပါတယ်။

၈။ ဆေးလိပ်မသောက်ပါနဲ့

လူငယ်အရွယ်မှာ ဆေးလိပ်သောက်တာကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar