မိုးရာသီရောက်ရင်တော့ မိုးအေးတဲ့နေ့တွေမှာ အဆွေးသီချင်းလေးတွေ နားထောင်ရတဲ့ခံစားချက်ကို မကြိုက်တဲ့သူရယ်လို့မရှိပါဘူး။ သင့်ရဲ့ပတ်ဝန်းကျင်ရာသီဥတုနဲ့လိုက်ဖက်တဲ့သီချင်းတွေကို နားထောင်ပေးတာက သင့်အတွေးတွေကိုအေးချမ်းစေမယ့်အပြင် တစ်နေ့တာရဲ့စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အခုခေတ်လူကြိုက်များတဲ့ ကိုးရီးယားသီချင်းတွေမှာလဲ ရာသီဥတုမျိုးစုံနဲ့ လိုက်ဖက်စေမယ့် သီချင်းအမျိုးအစားတွေရှိတာကြောင့် ကိုးရီးယားသီချင်းနားထောင်ရတာကြိုက်တဲ့ သူတွေအတွက် မိုးရာသီနဲ့လိုက်ဖက်တဲ့ Kpop သီချင်းတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ သင်ကြိုက်တဲ့သီချင်းတွေ၊ ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းတွေပါလားမလားဆိုတာစိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

၁။ Taeyeon – “Rain”

Taeyeon ဟာဆိုရင် သူမရဲ့ကောင်းမွန်တဲ့အသံချိုချိုလေးနဲ့ သီချင်းတိုင်းကို ပရိသတ်ရင်ထဲစွဲနေအောင် သီဆိုနိုင်တဲ့သူဖြစ်ပါတယ်။ “Rain” သီချင်းကတော့ မိုးရွာနေတုန်းတစ်ချိန်ကအမှတ်တရတွေကို လွမ်းဆွတ်မိတဲ့အကြောင်းကိုသီဆိုထားတာဖြစ်တဲ့အတွက် မိုးအေးအေးနဲ့ပြတင်းပေါက်ဘေးမှာထိုင်ပြီး အတိတ်အကြောင်းတွေးတတ်တဲ့သူတွေအတွက် ခံစားချက်ထပ်တူကျစေမယ့်သီချင်းလေးဖြစ်ပါတယ်။

၂။ Heize – “You, Clouds, Rain” ft. Shin Yong Jae

ထူးခြားပြီး ခပ်ရှရှနဲ့ဆွဲဆောင်မှုရှိတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ Heize ရဲ့ “You, Clouds, Rain” သီချင်းကတော့ မိုးရွာတဲ့နေ့မှာကိုယ်ချစ်တဲ့သူကိုသတိရမိတဲ့အကြောင်းကိုရေးဖွဲ့ထားတာပဲဖြစ်ပါတယ်။ သီချင်းထဲမှာ မိုးစက်ကျသံလေးတွေပါထည့်သွင်းထားတာကြောင့် နားထောင်သူတိုင်းကို မိုးရေထဲရောက်သွားသလို ခံစားရစေပါတယ်။

၃။ BTS’s RM – “Forever Rain”

RM သီဆိုထားတဲ့ “Forever Rain” သီချင်းလေးက အထီးကျန်ခြင်းနဲ့စိတ်ညစ်စရာတွေရှိတဲ့ လူတစ်ယောက်အတွက် မိုးရေတွေကအဖော်အဖြစ်ရှိနေပေးတဲ့အကြောင်းကိုရေးဖွဲ့ထားတာပါ။ မိုးရွာနေတဲ့ပတ်ဝန်းကျင်ကိုကြည့်ရင်း ကိုယ့်ရဲ့ခံစားချက်နဲ့ ကိုယ့်အကြောင်းကိုယ်ပြန်တွေးမိစေမယ့် အဓိပ္ပာယ်ရှိတဲ့စာသားတွေပါဝင်တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

၄။ PENTAGON – “When It Rains In Night”

နောက်ထပ်မိုးရွာနေတဲ့ညဘက်တွေမှာ နားထောင်လို့ကောင်းမယ့်ကိုးရီးယားသီချင်းကတော့ PENTAGON အဖွဲ့ရဲ့ “When It Rains In Night” ဆိုတဲ့သီချင်းဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအားလုံးရဲ့ ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ အသံချိုချိုလေးတွေက နားထောင်သူတိုင်းကို စိတ်ကြည်နူးစေမှာပါ။

၅။ IU – “A Gloomy Clock” with SHINee’s Jonghyun

ဒီသီချင်းကိုတော့ IU နဲ့ Jonghyun က စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ မိုးရွာနေတဲ့အချိန်တွေကို ဖြတ်သန်းလေ့ရှိတဲ့ပုံစံကို လေချွန်သံနောက်ခံလေးနဲ့ ပေါ့ပေါ့ပါးပါးဖြစ်အောင်သီဆိုထားကြတာပါ။ သံစဉ်ငြိမ့်ငြိမ့်လေးနဲ့ဆွဲဆောင်နိုင်တဲ့သီချင်းဖြစ်တာကြောင့် အဆွေးသီချင်းတွေကိုသိပ်မကြိုက်တဲ့သူတွေနဲ့ အဆင်ပြေမယ့်သီချင်းဖြစ်ပါတယ်။

၆။ B.I – “illa illa”

နောက်ထပ်မြူးကြွတဲ့သံစဉ်လေးနဲ့အတူ မိုးရွာတဲ့နေ့တွေမှာ နားထောင်လို့ကောင်းမယ့် သီချင်းတစ်ပုဒ်ကတော့ B.I ရဲ့မကြာသေးခင်ကထွက်ရှိထားတဲ့ “illa illa” ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးမှာတော့ B.I ဟာ သူ့ရဲ့အတိတ်ကအခက်အခဲတွေကိုဖြတ်ကျော်နိုင်ပြီး မျှော်လင့်ချက်တွေနဲ့ပြန်လည်ရှင်သန်လာပြီဖြစ်တဲ့ အကြောင်းကို အဓိပ္ပာယ်ရှိရှိ ကိုယ်တိုင်ရေးဖွဲ့ထားတာပဲဖြစ်ပါတယ်။

၇။ Wendy – “When This Rain Stops”

Wendy ရဲ့ သီချင်းငြိမ့်ငြိမ့်လေးတွေပါဝင်တဲ့ Solo Album ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ “When This Rain Stops” ကလည်း မိုးရွာနေတဲ့အချိန်မှာ သင့်ကိုအဖော်ပြုပေးနိုင်မယ့် သီချင်းအေးအေးလေးတစ်ပုဒ်ဖြစ်ပါတယ်။

၈။ GFRIEND – “Summer Rain”

GFRIEND အဖွဲ့ဝင်တွေရဲ့ ချစ်စရာအသံလေးတွေနဲ့ သီဆိုထားတဲ့ “Summer Rain” သီချင်းကတော့ နွေရာသီမှာရုတ်တရက်ရွာချတတ်တဲ့မိုးလို မထင်မှတ်ဘဲဖြစ်လာတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရေးဖွဲ့ထားတာပဲဖြစ်ပါတယ်။

Video Source: YouTube

By MyStyle Myanmar